News

POST TYPE

NEWS

ပဲခူးတိုင်းအတွင်း လေပြင်းကြောင့် နေအိမ် ၁၈၀ဝ ကျော် ပျက်စီး
23-Oct-2018
တောင်ငူ၊ အောက်တိုဘာ၂၃

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် အောက်တိုဘာလ ၂၁ ရက်နှင့် ၂၂ ရက်က မိုးသက်လေပြင်း တိုက်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်ခြေ ၁၈၀ဝ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်ခြေများအနက် ထိခိုက်ပျက်စီးမှု အများဆုံးမှာ ကဝမြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျေးရွာစုစုပေါင်း ၅၁ ရွာမှ လူနေအိမ် ၁၅၈၆ လုံးအနက် ပြိုကျသည့် လူနေအိမ် ၃၅၇ လုံး၊ အမိုးလန် ၁၂၂၉ လုံးရှိခဲ့သည်။

သနပ်ပင်မြို့နယ် ကျေးရွာဆယ်ရွာတွင် လူနေအိမ် ၂၇၄ လုံးအနက် ပြိုလဲအိမ်၂၁ လုံး၊ အမိုးလန် ၂၅၃လုံး စုစုပေါင်း ပြိုလဲပျက်စီးအိမ်ခြေ ၃၇၈ လုံး၊ အမိုးလန်ထိခိုက်ပျက်စီးမှု ၁၅၀၁ စုစုပေါင်း ၁၈၇၉ လုံးရှိကြောင်း အစိုးရအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

“တချို့အိမ်တွေ အမိုးလန်တာတောင် ပြန်မမိုးနိုင်ဘူး။ ကျွန်မအိမ်က နောက်ဖေးမီးဖိုချောင်နဲ့ အဖီဆွဲချထားတာလေး ပျက်စီးသွားတယ်”ဟု ကဝမြို့မှဒေသခံ ဒေါ်ဌေးက ပြောဆိုသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့မှုနှင့်ပတ်သက်၍ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းအတွက် ထောက်ပံငွေကြေးများကို အသီးသီးပေးအပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

R-15