News

POST TYPE

NEWS

ဖားဆောင်းတိုက်ပွဲနှင့် ပတ်သက်၍ အစိုးရထုတ်ပြန်ချက် KNPP တုံ့ပြန်
23-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၂

ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့တို့ကြား ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုသည် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရ၏ စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း KNPP အဖွဲ့က တုံ့ပြန်ပြောကြားခဲ့သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့မှုအပေါ် ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက အောက်တိုဘာလ ၂၀ ရက်က KNPP သို့ ကန့်ကွက်စာပို့ခဲ့ခြင်းဖြစ်သည်။

တပ်မတော်စစ်ကြောင်းကို KNPP တပ်ဖွဲ့ဝင် ခုနစ်ဦးက စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပစ်ရပ်သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ကြောင်း၊ ယင်းသို့ ထပ်မံမဖြစ်ပွားစေရန် ထိန်းသိမ်းစေလိုကြောင်း ပြည်နယ်အစိုးရက ပေးပိုသည့်ကန့်ကွက်စာတွင် ဖော်ပြထားသည်။

အဆိုပါကန့်ကွက်စာပေးပို့မှုနှင့်ပတ်သက်၍ KNPP အဖွဲ့ကလည်း တုံ့ပြန်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး KNPP အနေနှင့် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း၊ တပ်မတော်အနေနှင့် နယ်မြေရှင်းလင်းရေးဟုဆိုကာ ပုံမှန်မဟုတ်သည့် လမ်းကြောင်းကို အသုံးပြုလာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၀ ရက်က ဖားဆောင်းမြို့နယ်ရှိ နန်းကစ်ကျေးရွာတောင် ဘက်ခြမ်းတွင် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဘက်က အဆိုပါဒေသသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ တပ်များရောက်လာပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လွိုင်ကော်ဆက်ဆံရေး ရုံးတာဝန်ခံ ခူညေးရယ်က ပြောကြားသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့် KNPP တို့၏လစဉ်ပုံမှန်တွေ့ဆုံမှုတွင် တင်ပြဆွေးနွေးမည်ဖြစ်ပြီး လတ်တလောတွင် အောက်ခြေတွင် နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့ပြီး ပြေလည်မှုရရှိခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့သည် အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးဘဲ လက်မှတ်ရေးထိုးရန် ဆွေးနွေးနေဆဲအဖွဲ့ဖြစ်သည်။

ထို့ပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစက စတင်ဖွဲ့စည်းခဲ့သည့် သက်တမ်းရှည်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနှင့် ပြည်နယ်အဆင့် အပစ်ရပ်သဘောတူထားသည့်အဖွဲ့လည်း ဖြစ်သည်။

J-08