News

POST TYPE

NEWS

ဆေးလိပ်ဆန့်ကျင်ရေးကြော်ငြာထည့်သည့် ကမ္ဘာကျော် ဖိလစ်မောရစ်ကုမ္ပဏီ ကြောင်သူတော်အဖြစ်ဝေဖန်ခံရ
23-Oct-2018



လန်ဒန်၊ အောက်တိုဘာ ၂၂

ကမ္ဘာပေါ်တွင် အကြီးဆုံး ဆေးရွက်ကြီးကုမ္ပဏီဖြစ်သော ဖိလစ်မောရစ် (Philip Morris) က ဆေးလိပ်သောက်သုံးသူများ ဆေးလိပ်ဖြတ်ကြရန် တိုက်တွန်းထားသည့် ကြော်ငြာသစ်တစ်ခုပြုလုပ်ခဲ့ရာ ယင်းကြော်ငြာကြောင့် ဖိလစ်မောရစ်ကို အလွန်အမင်း သူတော်ကောင်းယောင် ဆောင်ပြသည့် လုပ်ငန်းအဖြစ် ဝေဖန်မှုများမြင့်တက်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကမ္ဘာကျော် မာလ်ဘိုရိုစီးကရက် ထုတ်လုပ်သည့် ဖိလစ်မောရစ် ဆေးရွက်ကြီးလုပ်ငန်းက စီးကရက်များထုတ်လုပ်ရောင်းချမှုကို ရပ်ဆိုင်းရန် အရေးပါသည့် အဆင့်တစ်ခုအဖြစ် အဆိုပါကြော်ငြာကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

သို့သော် ဗြိတိန်ကင်ဆာသုတေသနအဖွဲ့က ဖိလစ်မောရစ်သည် ဆေးလိပ်သောက်သုံးမှုမြင့်တက်လာအောင် အဆိုပါကြော်ငြာအား တမင်သက်သက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ဤကြော်ငြာသည် သူတော်ကောင်းကြီးဖြစ်အောင် ပုံကြီးချဲ့ပြခြင်းသာဖြစ်သည်ဟု ကင်ဆာသုတေသနအဖွဲ့က ဆိုသည်။ ထို့ပြင် ဖိလစ်မောရစ်သည် ဗြိတိန်နိုင်ငံပြင်ပတွင် ဆေးလိပ်သောက်သုံးမှု မြှင့်တင်ရေးလုပ်ငန်းများ ပြုလုပ်နေဆဲဖြစ်သည်ဟု ပြောဆိုထားသည်။ 

“လူတွေကို ဆေးလိပ်မသောက်သုံးအောင် ကူညီပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ စီးကရက်များ မထုတ်လုပ်ဘဲနေခြင်းပင်ဖြစ်သည်” ဟု ဗြိတိန်ကင်ဆာ သုတေသနအဖွဲ့မှ ဂျော့ခ်ျဘတ်တာဝတ်သ်က ပြောကြားသည်။ 

ယင်းသုတေသနအဖွဲ့က ဆေးလိပ်သောက်သုံးမှုသည် ကင်ဆာရောဂါ၏ (ကာကွယ်ဟန့်တား၍ရသော) အကြောင်းရင်းမြစ်ဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် အီလက်ထရွန်နစ်စီးကရက်အပါအဝင် ဆေးလိပ်သောက်သုံးသည့် အလေ့အထမှ ရှောင်ရှားကြရန် တိုက်တွန်းကြောင်း ဖော်ပြသည်။ 

ကျန်းမာရေးအဖွဲ့တစ်ခုဖြစ်သော ဆေးလိပ်နှင့် ကျန်းမာရေးအဖွဲ့ (Ash) ကမူ အဆိုပါကြော်ငြာသည် ဆေးရွက်ကြီးကြော်ငြာဆန့်ကျင်ရေး စည်းမျဉ်းစည်းကမ်းများကို ရှောင်ရှားသည့် ဖိလစ်မောရစ်၏ ဗျူဟာတစ်ခုပင်ဖြစ်သည်ဟု ဝေဖန်သည်။ 

ဖိလစ်မောရစ်က အဆိုပါ ဆေးလိပ်မသောက်ရန် ဆော်ဩသည့်ကြော်ငြာကို တနင်္လာနေ့ထုတ် Daily Mirror တွင် မျက်နှာပြည့်လေးမျက်နှာတိတိ ဖော်ပြခဲ့သည်။ ထို့အတူ ဗီဒီယိုဖိုင်ဖြင့်ကြော်ငြာတစ်ခုကိုလည်း ဖိလစ်မောရစ်က ထုတ်ပြန်ခဲ့သေးသည်။ 

ဗြိတိန်နိုင်ငံတွင် ဆေးရွက်ကြီးနှင့် သက်ဆိုင်သော ကြော်ငြာမှန်သမျှကို ဥပဒေဖြင့် ကန့်သတ်ပိတ်ပင်ထားသည်။ ယမန်နှစ်က ထုတ်ပြန်သော ယင်းဥပဒေအရ စီးကရက်နှင့် ဆေးရွက်ကြီးများကို အစိမ်းရောင်ပက်ကင်ဘူးများဖြင့်သာ ရောင်းချခွင့်ရှိသည်။ 

Ash မှ အကြီးတန်း အမှုဆောင်အရာရှိချုပ် ဒီဘိုရာအာနော့က ဖိလစ်မောရစ်သည် မာလ်ဘိုရိုအမှတ်တံဆိပ်ကို ယနေ့အချိန်အထိ ကြော်ငြာနေဆဲဖြစ်သည်ဟု ပြောကြားသွားသည်။ 

“ဗြိတိန်နိုင်ငံထဲမှာတော့ တရားဝင်လုပ်ကိုင်လို့၊ ကြော်ငြာလို့မရဘူး။ ဒီမှာက စီးကရက်နဲ့ပတ်သက်လို့ ကြော်ငြာတာ၊ အရောင်းမြှင့်တင်ခြင်းတွေလုပ်တာ၊ စပွန်ဆာပေးတာတွေ အားလုံးဟာ ဥပဒေနဲ့ဆန့်ကျင်တယ်။ စီးကရက်ဆိုရင် ဗြောင်ဘူးထဲမှာ ထည့်ရောင်းမှရတယ်။ အဲဒီတော့ ဖိလစ်မောရစ်က ကုမ္ပဏီရဲ့နာမည်ကို ပရိုမိုးရှင်းလုပ်တယ်”ဟု ၎င်းက ပြောကြားသွားသည်။

F-01