News

POST TYPE

NEWS

ရွှေထည်များနှင့် ဘဏ်ကတ် ခိုးသွားသည့် သမီးကို မိခင် အမှုဖွင့်
23-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၂

တာမွေမြို့နယ်၊ ၁၆၅ လမ်းတွင် နေအိမ်တစ်အိမ်တည်းရှိ ရွှေထည်ပစ္စည်းများနှင့် ကျပ်သိန်း ၁၀၀ ကျော်ထည့်ထားသော ဘဏ်ကတ်တို့ကို အမျိုးသားတစ်ဦးနှင့်အတူ ပူးပေါင်း၍ သမီးဖြစ်သူက ယူဆောင်သွားသည်ဆိုကာ မိခင်က ခိုးမှုပုဒ်မဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ခိုးမှုပုဒ်မဖြင့် အမှုဖွင့်အရေးယူပေးပါရန် တိုင်ကြားခံရသူ အသက် ၂၈ နှစ် အမျိုးသမီးမှာ အောက်တိုဘာလ ၂၀ ရက် မွန်းလွဲပိုင်းက ၎င်း၏ မိခင်ပိုင်ဆိုင်သော ၁၆၅ လမ်းရှိ နေအိမ်သို့ မိခင်ဖြစ်သူမရှိချိန် ချစ်သူအမျိုးသားနှင့်အတူ လာရောက်ခဲ့ပြီးနောက် အိပ်ခန်းထဲရှိ ရွှေထည်ပစ္စည်းများနှင့် ကျပ်သိန်း ၁၀၀ ကျော် ထည့်ထားသော AYA ဘဏ်ကတ်တစ်ခုကို ယူဆောင်သွားကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“အမှုဖွင့်တိုင်ကြားခံရတဲ့ အမျိုးသမီးနဲ့ သူ့ရည်းစားကို မနေ့က သာကေတမှာ ဖမ်းမိခဲ့တယ်။ ဒီအမျိုးသမီးက အိမ်ထောင်ရှိတယ်။ ဒါကြောင့် သူနဲ့ သူ့ရည်းစားဖြစ်သူကို ခိုးမှုရော တစ်လင်တစ်မယားဥပဒေနဲ့ပါ အမှုဖွင့်အရေးယူထားတယ်” ဟု ရဲအရာရှိက ရှင်းပြသည်။

ခိုးမှုပုဒ်မဖြင့် အမှုဖွင့်ခံရသူ အမျိုးသမီးနှင့် ၎င်း၏ ချစ်သူအမျိုးသားမှာ တာမွေကြီး (ခ) ရပ်ကွက်၊ ၁၆၅ လမ်းရှိ နေအိမ်ထဲမှ တန်ဖိုးငွေကျပ် သိန်း ၅၀ ကျော်ရှိ ရွှေဆွဲကြိုး၊ ဟန်းချိန်း၊ ခြေချင်း၊ လက်ကောက်၊ နားဆွဲတို့အပြင် ကျပ်သိန်း ၁၀၀ ကျော်ထည့်ထားသည့် AYA ဘဏ်ကတ်ပါ ယူဆောင်သွားကြောင်း အမျိုးသမီး၏ မိခင်ဖြစ်သူက တရားလိုပြုအမှုဖွင့်တိုင်ကြားချက်အရ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီး တာမွေမြို့မ ရဲစခန်းက (ပ) ၁၀၅၂/ ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03