News

POST TYPE

NEWS

မြန်မာအော်ဂဲနစ် စံချိန်စံညွှန်း ရေးဆွဲမည်
23-Oct-2018



ရန်ကုန်၊ အောက်တိုဘာ ၂၂

အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းကို နိုဝင်ဘာလတွင် စတင်ရေးဆွဲမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဥယျာဉ် - အပင်ဇီဝဌာနခွဲထံမှ သိရသည်။

စိုက်ပျိုးရေးထုတ်ကုန်များ စတင်စိုက်ပျိုးထုတ်လုပ်ခြင်းမှ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းစသည့် လုပ်ငန်းအဆင့်တိုင်းတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်သောကြောင့် မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းကို အမြန်ဆုံးရေးဆွဲရန်နှင့် အော်ဂဲနစ်လမ်းကြောင်း အမှန်ပေါ်ရောက်ရှိရန် အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း ယင်းဌာနထံမှ သိရသည်။

မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းရေးဆွဲရာတွင် အာဆီယံစံချိန်စံညွှန်းကို မှီငြမ်းကိုးကား၍ မြန်မာ့ရေမြေ၊ သဘာဝနှင့် လိုက်လျောညီထွေမှုရှိသည့် စံချိန်စံညွှန်းကို ရေးဆွဲသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့က စံချိန်စံညွှန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားပရဆေးဥယျာဉ်တွင် ပြုလုပ်ခဲ့ကြောင်း ဥယျာဉ်-အပင်ဇီဝဌာနခွဲထံမှ သိရသည်။

“ရေးဆွဲမယ့်အခြေခံအချက်တွေက ရှိနေပြီးသားဆိုတော့ လာမယ့်နိုဝင်ဘာမှာ စဆွဲမယ်။ အာဆီယံစံချိန်စံညွှန်းကိုလည်း မှီငြမ်းရေးဆွဲမှာပါ” ဟု ဥယျာဉ်-အပင်ဇီဝဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထိုက်ဆွေက ပြောဆိုသည်။

ယင်းစံချိန်စံညွှန်းကို စစ်မှန်သည့် အော်ဂဲနစ်ထုတ်ကုန်များ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ထုတ်ကုန်နှင့် ကုန်ချောများကို အော်ဂဲနစ်စနစ်ဖြင့် ထုတ်လုပ်ထားကြောင်း အတည်ပြုရာတွင် တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရန်၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ကြီးကြပ်စစ်ဆေးရေး အဖွဲ့များအတွက် အော်ဂဲနစ်စံချိန်စံညွှန်းနှင့်ပတ်သက်သည့် ရှင်းလင်းတိကျသည့်ညွှန်ကြားချက်များ ချမှတ်ပေးနိုင်ရန်အတွက် ရည်ရွယ်ရေးဆွဲရခြင်းဖြစ်ကြောင်း ဥယျာဉ်-အပင်ဇီဝ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာ့ GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ) စံချိန်စံညွှန်းများနှင့် လိုက်နာရမည့် နည်းလမ်းများကို ရေးဆွဲကြေညာခဲ့ပြီး သတ်မှတ်ချက်များနှင့် ညီညွတ်သည့် စိုက်ပျိုးရေးထုတ်ကုန်များကို GAP အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

J-11