News

POST TYPE

NEWS

IFC က အများပြည်သူသို့ ငွေတိုက်စာချုပ်များထုတ်ရောင်းရန် စီစဉ်
23-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၂

နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က အများ ပြည်သူသို့ ငွေတိုက်စာချုပ်များ (Corporate Bond) ထုတ်ရောင်းရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ထံမှ သိရသည်။

IFC က အများပြည်သူသို့ ငွေတိုက်စာချုပ်များ ကမ်းလှမ်းရောင်းချရန်အတွက် SECM ထံသို့ အဆိုပြုတင်ပြထားပြီး ကမ်းလှမ်းရောင်းချမည့် ငွေတိုက်စာချုပ်အမျိုးအစားနှင့် မည်သည့်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက်တို့ကိုမူ လတ်တလော ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း SECM အဖွဲ့ဝင် ဦးဌေးချွန်က ပြောကြားသည်။

“အခုကတော့ ဆွေးနွေးညှိနှိုင်းနေတဲ့အဆင့်ပဲ ရှိနေသေးတယ်။ ရန်ကုန်စတော့အိတ်ချိန်းမှာကလည်း Bond ဈေးကွက်က မရှိသေးဘူးလေ” ဟု ၎င်းကဆိုသည်။

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေအရ အစိုးရအပြင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရနှင့် ယင်းတို့၏ အဖွဲ့အစည်းများကထုတ်ဝေသည့် ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များနှင့် ငွေချေးစာချုပ်များကို ပြည်တွင်း၌ထုတ်ရောင်းခွင့်ရှိကြောင်း SECM ထံမှ သိရသည်။

ယင်းသို့ နိုင်ငံတကာအဖွဲ့အစည်းများက ငွေတိုက်စာချုပ်အမျိုးအစားအမျိုးမျိုးကို ထုတ်ရောင်းခြင်းသည် အဆိုပါနိုင်ငံအတွက် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် လုပ်ဆောင်ရန်လိုအပ်သော အရင်းအနှီးတစ်ခုကို အများပြည်သူများထံမှရယူပြီး ယင်းစီမံကိန်းမှ ရရှိသောအကျိုးအမြတ်များကိုလည်း အများပြည်သူရရှိစေလိုသည့် ရည်ရွယ်မှုများလည်းပါဝင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။

“အခြားနိုင်ငံတွေမှာတော့ အဲဒီလို ထုတ်ရောင်းတာတွေရှိပါတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ပေါ့။ ဒီမှာတော့ ဒီလိုမျိုးထုတ်ရောင်းမယ်ဆိုတာ ခဏခဏတော့ ကြားနေရတာပဲ” ဟု ၎င်းကပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) သည် ပြည်တွင်းလုပ်ငန်းစုများဖြစ်သည့် မြန်မာ့ဩဘာ၊ စီးတီးမတ်နှင့် AMATA ဟိုတယ်လုပ်ငန်းစုတို့တွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားခြင်းအပြင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦဖွံ့ဖြိုးရေး စီမံကိန်းများကို ငွေကြေးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်သည်။

J-01