News

POST TYPE

NEWS

ကျောက်ဂူဆရာတော် ဈာပနအခမ်းအနား ဆရာတော်မွေးနေ့ပွဲပြီးမှ ပြုလုပ်မည်
23-Oct-2018
ကလေး၊ အောက်တိုဘာ ၂၂ 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ ကျောက်ဂူတောရကျောင်းများတွင် သီတင်းသုံးသည့် အမြန်လမ်းယာဉ်တိမ်းမှောက်မှုတွင် ပျံလွန်တော်မူခဲ့သော ကျောက်ဂူတောရဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒန္တဣန္ဒာစရိယ၏ ဈာပနအခမ်းအနားကို ဆရာတော်၏ ၆၈ နှစ်မြောက် ဝိဇာတမွေးနေ့ပွဲပြီးမှ ပြုလုပ်မည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဇော်မင်းက ပြောကြားသည်။ 

ဆရာတော်၏ မွေးနေ့သည် အောက်တိုဘာလ ၃၀ ရက်နေ့ဖြစ်ပြီး ဆရာတော်၏ ဝိဇာတမွေးနေ့ပွဲကို ဂန့်ဂေါမြို့နယ်ရှိ ကျောက်ဂူတောရကျောင်းနှင့် ကလေးမြို့နယ်ရှိ ကျောက်ဂူဗောဓိရိပ်သာကျောင်းတွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများ ရေစက်ချပွဲနှင့် မွေးနေ့ပွဲပြီးမှသာလျှင် အစည်းအဝေးထပ်မံပြုလုပ်၍ ဈာပနအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ဆရာတော်ကြီးရဲ့ မူလရည်ရွယ်ချက်ကလည်း ကလေးမှာပဲလုပ်ဖို့ဆိုတော့ ဆရာတော်ကြီး ရည်ရွယ်ထားတဲ့အတိုင်းဖြစ်အောင် မွေးနေ့ပွဲကို ကလေးမှာပဲလုပ်မှာ”ဟု ဦးတင်ဇော်မင်းက ဆိုသည်။ 

လက်ရှိတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ဂန့်ဂေါမြို့နယ် ကျောက်ဂူတောရကျောင်းရှိ သိမ်ကျောင်းဗိမာန်ကြီးတွင် ရပ်ဝေးရပ်နီးမှ ဒါယကာ၊ ဒါယိကာမများ ပူဇော်နိုင်ရန်ထားရှိထားမည်ဖြစ်သည်။

ထို့ပြင် ဆရာတော်၏ မွေးနေ့ပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ကလေးမြို့နယ် စက်မှုဇုန်အနီးရှိ ကျောက်ဂူဗောဓိရတနာ ရိပ်သာတွင် ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ကျောက်ဂူတောရ ဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဣန္ဒာစရိယသည် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်က နေပြည်တော် - မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၃၁၀ မိုင် ၃ ဖာလုံမှ ၃၁၀ မိုင် ၄ ဖာလုံ အကြား ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုတွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

R-20