News

POST TYPE

NEWS

ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့ ရေကြီး
22-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၂

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံခဲ့ကြောင်း အဆိုပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများထံမှ သိရသည်။

အချိန်တိုအတွင်း မိုးများစွာရွာသွန်းမှုကြောင့် ဗဟန်း၊ သာကေတ၊ တာမွေ၊ လှိုင်၊ တောင်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ၊ မရမ်းကုန်း၊ အလုံ၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ရွှေပေါက်ကံမြို့သစ် စသည့်မြို့နယ်များရှိ လမ်းမကြီးများတွင် ရေများ၁ပေနီးပါးမြင့်တက်ခဲ့ပြီး နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

တောင်ဥက္ကလာမြို့နယ်တွင်နေထိုင်သူ ဒေါ်သီတာက “တောင်ဥက္ကလာမြို့နယ်မှာ မနက်ထဲက ရေတွေအိမ်တွေထဲအထိ ၁ ပေကျော်လောက် ဝင်တယ်။ ဈေးတွေဆို ရေတွေကြီးလို့ ပိတ်တဲ့ဈေးတွေ ပိတ်တယ်။ မုန်တိုင်းရှိလို့ ညက မိုးကတစ်ညလုံးရွာလိုက်တာ မနက် ၄ နာရီလောက်ကတည်းက အိမ်ထဲကို ရေတွေဝင်လာတာဘဲ။ နေ့လယ်ဘက်တော့ ရေနည်းနည်း ကျသွားတယ်”ဟု ဆိုသည်။

ရန်ကုန်မြို့ရေကြီးရေလျှံဖြစ်သည့် မြို့နယ်များကိုလည်း ရေစီးရေလာကောင်းမွန်ပြီး အမြန်ဆုံးရေကျဆင်းစေရန် ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် နေထိုင်သူ ဒေါ်ပြည့်ဖြိုးက “မြောက်ဒဂုံမြို့နယ်မှာ ည ၂ နာရီလောက်ထဲက အိမ်ထဲကို ရေတွေဝင်လာတယ်။ တစ်ညလုံး မအိပ်ရဘူး။ အိမ်က ပစ္စည်းတွေကို ရေတွေမစိုအောင် ရွှေ့နေရတယ်။ တစ်ညလုံးရေတွေ ခပ်ထုတ်နေရတယ်။ မိုးရေချိန်က တော်တော်များတယ်။ တစ်ညလုံး မအိပ်ရသေးဘူး။ မုန်တိုင်းကြောင့် မိုးရေချိန်များပြီး ရေကြီးတာဖြစ်မယ်”ဟု ဆိုသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အပါအဝင် စခန်းလေးခု၌ အောက်တိုဘာလ ၂၂ ရက်က မိုးရေချိန်စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

စံချိန်သစ်တင်သည့်စခန်းများမှာ မအူပင်မြို့၊ ရန်ကုန် (ကမ္ဘာအေး)၊ ရန်ကုန် (မင်္ဂလာဒုံ) နှင့် ရန်ကုန် (မှော်ဘီ) တို့ဖြစ်ပြီး ရန်ကုန် (ကမ္ဘာအေး)တွင် ရရှိခဲ့သည့် မိုးရေချိန်စံချိန်သစ်မှာ ၆ ဒသမ ဝ၂ လက်မဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်သစ်ဖြစ်သည်။

ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှု လျော့နည်းစေရန်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဘတ်ဂျက် ကျပ် ၁ ဘီလီယံသုံးစွဲခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10