News

POST TYPE

NEWS

မဲဆန္ဒရှင် သက်သေခံလက်မှတ်မလိုဘဲ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရမည်
22-Oct-2018

မန္တလေး၊ အောက်တိုဘာ ၂၁

မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်သက်သေခံ လက်မှတ်မလိုဘဲ မဲပေးခွင့်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

ပြီးခဲ့သော ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်များဖြင့် မဲပေးခဲ့ရခြင်းဖြစ်သည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မပေးတော့ဘူးဆိုပြီး ညွန်ကြားလာပါတယ်။ အရင်တုန်းက သက်သေခံကတ်ပြားက အတုလုပ်လည်းရတယ်။ ဒီကတ်ပြားပါလာရင် ပေးလို့ရနေတယ်ဆိုပြီး ပြောနေတာတွေရှိတယ်။ အမှန်က မဲပေးတာကို အထောက်အကူ ဖြစ်စေချင်တာပါ။ သို့သော်လည်း ဒီလိုပြောနေတာတွေ့ခဲ့တယ်။ ကြားဖြတ်မှာတော့ ကိုယ့်မဲစာရင်းနံပါတ်ကို မှတ်ထားပေးပါ။ မဲပေးတဲ့အခါမှာ ကိုယ့်မဲစာရင်းနံပါတ်ကို ပြောလိုက်ရင် ရှာရတာလည်း လွယ်တယ်”ဟု ဦးကျော်ကျော်စိုးက ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လစ်လပ်နေသော မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းတွင် မြင်းခြံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်တစ်နေရာ၊ သပိတ်ကျင်း မြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နေရာနှင့် မန္တလေးတိုင်းလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာတို့ လစ်လပ်လျက်ရှိသည်။

“၂၀၁၅ တုန်းကလည်း စာရွက်ပါရင် မဲပေးလို့ရတယ်ဆိုတော့ စစ်လို့မရဘူး။ လာပေးတဲ့သူရဲ့ လက်ထဲမှာ ဒီလက်မှတ်ပါနေရင် မဲပေးလို့ရနေတယ်ပေါ့။ အမှန်ကတော့ မှတ်ပုံတင်တစ်မျိုးတည်းနဲ့ မဲပေးလို့ရတာက အကောင်းဆုံးပဲ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း စိုင်းအောင်ကြည်က ပြောကြားသည်။

ပြုစုထားသည့်စာရင်းများအရ ရှမ်းတိုင်းရင်းသားရေးရာ နေရာအတွက် မဲပေးခွင့်ရှိသူ ၄၀,၀၀၀ ကျော်၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နေရာအတွက် မဲပေးခွင့်ရှိသူ ၄၈,၀၀၀ ကျော်နှင့် မြင်းခြံမြို့နယ်မှ ပြည်သူ့လွှတ်တော် တစ်နေရာအတွက် မဲပေးခွင့်ရှိသူ ၂၂၀,၀၀၀ ကျော်ရှိနေကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

M-05