News

POST TYPE

NEWS

ဒိန်းမတ်အကူအညီဖြင့် ဗဟိုရေဆိုးသန့်စင်စက်ရုံ တည်ဆောက်မည်
22-Oct-2018

မန္တလေး၊ အောက်တိုဘာ ၂၁

ဒိန်းမတ်နိုင်ငံ Responsible Business Fund-RBF အကူအညီဖြင့် မန္တလေးစက်မှုဇုန် (၂) တွင် ဗဟိုရေဆိုးသန့်စင်စက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း သားရေလုပ်ငန်းရှင်အသင်းအစုအဖွဲ့ထံမှ သိရသည်။

သားရေနယ်သည့် စက်ရုံများမှ ထွက်ရှိလာသော ရေဆိုးစွန့်ပစ်မှုကို သန့်စင်ရန် အဆိုပါစက်ရုံတည်ဆောက်ရခြင်း ဖြစ်သည်။

ရေဆိုးသန့်စင်စနစ်စက်ရုံ တည်ဆောက်ရာတွင် ကုန်ကျမည့် ကုန်ကျစရိတ်၏ ၆၅ ရာခိုင်နှုန်းကို RBF က ထောက်ပံ့ပေးမည်ဖြစ်ကာ သားရေနယ်သည့် စက်ရုံများက ၃၅ ရာခိုင်နှုန်းကျခံရမည်ဖြစ်ကြောင်း၊ ယင်းသို့တည်ဆောက်နိုင်ရန် ယခုလ ၁၈ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ကြောင်း မန္တလေးစက်မှုဇုန် ၂ ရှိ သားရေလုပ်ငန်းရှင်အသင်းအစုအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက ပြောကြားသည်။

သားရေနယ်သည့်လုပ်ငန်းသည် ရေအရင်းအမြစ်ကို အသုံးချသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော လုပ်ငန်းများဖြစ်သောကြောင့် ယင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်စေရန် သားရေနယ်သည် စက်ရုံ ၂၃ ခုအတွက် RBF က ငွေကြေးနှင့် နည်းပညာပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ဒီလိုကူညီပေးရာမှာ ကျွန်တော်တို့ဘက်ကနေ ရေဆိုးထွက်ရှိတဲ့ အခြေအနေနဲ့ လုပ်ငန်းလုပ်ဆောင်မှုပိုင်းတွေ ပြန်လည်တင်ပြပေးရမယ့် တာဝန်ခံမှု၊ တာဝန်ယူမှုတွေ လုပ်ပေးရမှာတွေရှိတယ်”ဟု ဦးအောင်စိုးက ဆက်လက် ပြောဆိုသည်။

ယင်းရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရန်အတွက် အောက်တိုဘာလ ၁၂ ရက်နေ့တွင် Myanmar Water Engineering and Products ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ခန့်မှန်းကုန်ကျစရိတ်အဖြစ် ကျပ် သိန်း ၅၀၀၀ ကျော်လျာထားကြောင်း၊ လုပ်ငန်းစတင်ချိန်ကစ၍ ခြောက်လအတွင်း အပြီးလုပ်မည်ဖြစ်ကြောင်း သားရေလုပ်ငန်းရှင်အသင်း အစုအဖွဲ့ထံမှ သိရသည်။

ဒိန်းမတ်နိုင်ငံသားများထံမှ ကောက်ခံရရှိသော အခွန်များမှနေ၍ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ကူညီပေးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စက်ရုံညစ်ညမ်းမှုအပေါ်မူတည်ကာ စက်ရုံတစ်ရုံလျှင် ကျပ်သိန်း ၄၀၀ မှ သိန်း ၈၀၀ အထိ အကူအညီပေးခြင်းဖြစ်ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

“သားရေစက်ရုံတွေကို အဓိက ထားတာပေါ့။ သားရေစက်ရုံကထွက်တဲ့ ရေဆိုးက အတော်ဆိုးတယ်။ အရက်ချက် စက်ရုံပြီးရင် သူပဲ”ဟု ၎င်းကပြောဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ၂၀၁၄ ခုနှစ်အတွင်းက စက်မှုဇုန်မှထွက်သော ရေဆိုးများကို စွန့်ထုတ်နိုင်ရန် စုပေါင်းကန်ကြီးတစ်ခု တည်ဆောက်ပေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ရေဆိုးများကို သန့်စင်စွန့်ပစ်မှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည်ဟု ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည့်အတွက် အခက်အခဲဖြစ်ခဲ့ရကြောင်း သားရေလုပ်ငန်းရှင်အချို့ထံမှလည်း သိရသည်။

M-08