News

POST TYPE

NEWS

EU ရဲ့ စီးပွားရေးပိတ်ဆို့မှုက မြန်မာ့စက်မှုကဏ္ဍကို ယုတ်လျော့စေမှာလား
22-Oct-2018

Peter Janssen နှင့် Kyaw Lynn ရေးသား၍ သန့်ဇင်စိုးဘာသာပြန်သည်။

(Asia Times ပါ မူရင်း ဆောင်းပါးရှင်၏ အာဘော်ဖြစ်ကာ The Voice Daily ၏ အာဘော်မဟုတ်ပါ)

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တန်ပြန်သည့်အနေနှင့် မြန်မာနိုင်ငံမှ လာသည့်သွင်းကုန်များကို ဦးစားပေး အခွန်လျှော့ပေါ့ပေးသည့် GSP ဦးစားပေးမှု ဖယ်ရှားခံရမည် ဆိုပါက မြန်မာနိုင်ငံ၏ တိုးတက်ခါစ အလွန်အရေးပါသော အထည်ချုပ်လုပ်ငန်းအတွက် ထိခိုက်မှုများ ရှိလာပေမည်။

ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ ယခုလအတွင်း လာရောက်မည်ဖြစ်ပြီး ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံသို့ ပေးအပ်ထားသော ဦးစားပေးစနစ် Generalized System of Preferences (GSP) ရုပ်သိမ်းခံရနိုင်ခြေရှိသည့် သုံးသပ်လေ့လာမှုများ လာရောက်ပြုလုပ်မည်ဖြစ်သည်။ ယင်းသို့ တန်ပြန်အရေးယူခြင်းသည် ပြည်တွင်း စီးပွားရေး၏ အဓိက ကဏ္ဍများကိုထိခိုက်စေမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ချိုးဖောက်မှုများအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေး အစီရင်ခံစာကို ပြန်လည်တုံ့ပြန်သည့်အနေနှင့် အဆိုပါ ပြန်လည်သုံးသပ်ချက်ကို EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး စီစီလီယာမမ်းစတုန်းက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လပိုင်းက အဆိုပါအစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းခဲ့ပြီး မြန်မာစစ်တပ်သည် လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုများအပါအဝင်၊ ဘင်္ဂလားဒေ့ရှ်ဘက် သို့ ဒုက္ခသည် ခုနစ်သိန်းကျော် ထွက်ပြေးသွားသော ရိုဟင်ဂျာမွတ်ဆလင်အသိုင်းအဝိုင်းသို့ ကောင်းစွာ စီစဉ်ထားသောရက်စက်သည့် ထိုးစစ်ဖြင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည် အစရှိသည့် စွပ်စွဲချက်များ ပါဝင်သည်။

အခြား EU အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်ကိုယူစရာမလိုဘဲ မြန်မာနိုင်ငံသို့ ကုန်သွယ်ရေးဆိုင်ရာ တန်ပြန်အရေးယူမှုလုပ်ပိုင်ခွင့်ရှိသော မမ်းစတုန်းက ၎င်း၏ Blog တွင် အောက်တိုဘာလ ၅ ရက်နေ့က သတိပေးထားသည်။ “ကျွန်မတို့ဟာ ချောက်ကမ်းပါးစွန်းကို လုံးဝရောက်နေပြီတော့ မဟုတ်ပါဘူး။ ကမ္ဘောဒီးယားနဲ့ မြန်မာတို့အတွက် သူတို့ကိုယ်တိုင် ချောက်ကမ်းပါးအစွန်းက ပြန်လှည့်လာဖို့ အချိန်ရှိပါသေးတယ်”ဟု ၎င်းကဆိုသည်။

ကမ္ဘောဒီးယား၏ မကြာသေးခင်က ဒီမိုကရက်တစ် ပျက်ယွင်းခြင်းများကြောင့် နောက်ထပ် EU စီးပွားရေးပိတ်ဆို့မှု၏ ပစ်မှတ်ဖြစ်လာနိုင်သည်။ လက်နက်မှလွဲ၍ အခြား ကုန်ပစ္စည်းတိုင်းကိုကုန်သွယ်ရေး အားသာချက် ပေးထားခြင်းအား ပယ်ဖျက်ရန်ဖြစ်သည်။ EU သည် အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်သည်ဟု ယုံကြည်ရသော ထိပ်တန်း စစ်ခေါင်းဆောင်များ တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းနှင့် ခရီးသွားလာမှု ပိတ်ပင်ခြင်းတို့သာ ဆောင်ရွက်ထားသည်။

၂၀၁၃ နောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဖြင့် ဆယ်စုနှစ်များစွာစစ်အုပ်ချုပ်ရေးနောက်ပိုင်း ၂၀၁၅ ရွေးကောက်ပွဲကို ဖြစ်စေခဲ့ပြီးနောက် ရရှိခဲ့သော ကုန်သွယ်ရေးဦးစားပေးမှု GSP အဆင့်မှ မြန်မာကိုဖယ်ရှားလိုက်ခြင်းဖြင့် တုံ့ဆိုင်းနေသည့် မြန်မာ့စီးပွားရေးအတွက် သိသာသော ထိုးနှက်ချက်တစ်ရပ် ဖြစ်သွားခဲ့သည်။

တိုင်းပြည်၏ စီးပွားရေးကဏ္ဍတွင် ကောင်းကွက်တစ်ခုဖြစ်နေသော ပြည်ပပို့ကုန် အထည်ချုပ်လုပ်ငန်းကို အထူးသဖြင့် ပြင်းထန်စွာ ထိခိုက်မည်ဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ပြီးလျှင် အထည်ချုပ်လုပ်ငန်းသည် ပို့ကုန်တွင် ဒုတိယလိုက်ပါသည်။ တိုင်းပြည်သို့ နိုင်ငံခြားဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံရရှိပါသည်။ ၂၀၁၆ တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံနှင့် ၂၀၁၅ တွင် ၁ ဘီလီယံတို့မှ မြင့်တက်လာခြင်းဖြစ်သည်ဟု မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA က ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးသည် ၂၀၁၈ ခုနှစ်အတွက် ၆ ဒသမ ၈ ရာခိုင်နူန်းတိုးတက်မည်ဟု ယခင်ကခန့်မှန်းထားသော်လည်း ပြည်တွင်းအချက်များအရ ၆ ဒသမ ၂ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ပြန်လည်လျှော့ပေါ့ ခန့်မှန်းထားသည်။

မြန်မာနိုင်ငံမှ EU သို့ ၂၀၁၇ တွင် ပို့ကုန်တင်ပို့မှု ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံဖိုးရှိရာမှ ၇၂ ရာခိုင်နူန်းမှာ အထည်ချုပ်လုပ်ငန်းမှဖြစ်ပြီး EU သည် မြန်မာ၏ ကုန်သွယ်ရေး အမြတ်ရနေသော ဈေးကွက်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

တိုင်းပြည်၏ လူဦးရေ ၃၂ ရာခိုင်နှုန်းသော ပြည်သူ ၁၅ ဒသမ ၂ သန်းသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် နေထိုင်နေရဆဲဖြစ်ကာ အဆိုပါကဏ္ဍသည် အလုပ်လုပ်ကိုင်နိုင်သည့် အဓိက လူ့အရင်းအမြစ် တစ်ခုဖြစ်ခဲ့သည်။ အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်နေကြသူများစွာသည် ရခိုင်ပြည်နယ်နှင့် အခြားပဋိပက္ခ ဖြစ်ပွားရာ ပြည်နယ်များဖြစ်သော ချင်းနှင့် ကရင်တို့မှ လာကြသူများဖြစ်သည်။

“အထည်ချုပ်ကဏ္ဍက ကျွန်မတို့အဖွဲ့ဝင်နဲ့ ကျွန်မတို့အဖွဲ့ဝင်မဟုတ်တဲ့ လုပ်ငန်းတွေက လူငါးသိန်းလောက်ကို အလုပ်ပေးထားပြီး ၉၅ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းများအသင်း MGMA မှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။ “တရုတ်စက်ရုံတွေက လူသုံးသိန်းလောက်ကို အလုပ်ပေးထားတယ်”ဟုဆိုသည်။

MGMA တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သော တရုတ်စက်ရုံများ ၂၀၀ ကျော်ရှိသည်ဟု ဒေါ်ခိုင်ခိုင်နွယ်ကဆိုသည်။ အဆိုပါလောကမှ အခြားသတင်းရင်း မြစ်များကတော့ ၃၀၀ နားကပ်သည်ဟုဆိုကြသည်။ EU ဈေးကွက်အတွင်း မြန်မာနိုင်ငံက GSP အနေအထားရရှိခြင်းကြောင့် ၂၀၁၃ နောက်ပိုင်းတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့သည်။

ဥရောပကုန်သွယ်ရေး ကော်မရှင်နာမင်းကြီးက မြန်မာနိုင်ငံ၏ GSP ဦးစားပေးအဆင့် ရရှိနေမှုကို ဖယ်ရှားမည့် အစီအစဉ်အား ဥရောပကုန်သည်ကြီးများအသင်းက လူသားချင်းစာနာမှုဆိုင်ရာ ရှုထောင့်မှနေ၍ ကန့်ကွက်သည်။

“GSP အဆင့်ကနေ မြန်မာနိုင်ငံကိုဖယ်ရှားမယ်ဆိုရင် မြန်မာနိုင်ငံက တစ်သန်းလောက်သော အိမ်ထောင်စုတွေရဲ့ စားဝတ်နေရေးကိုထိခိုက်ပါလိမ့်မယ်၊ လူဦးရေ နှစ်သန်းလောက်ကို သက်ရောက်မှုရှိပါမယ်”ဟု ကုန်သည်ကြီးများက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်တွေ့ အကောင်အထည်ဖော်ရာတွင် ၆ လလောက် ကြာနိုင်သော အဆိုပါလုပ်ငန်းကို ဆောင်ရွက်မည်ဆိုပါက မြန်မာ့စီးပွားရေးကဏ္ဍကိုသိပ်ပြီး မလွှမ်းမိုးနိုင်သော EU ၏ကဏ္ဍကို အားပျော့သွားစေမည်ဖြစ်သည်။ မြန်မာ့စီးပွားရေးကဏ္ဍကို တရုတ် အပါအဝင် အာရှရင်းနှီးမြှုပ်နှံသူများက လွှမ်းမိုးထားပါသည်။

“ဥရောပစီးပွားရေးများ မြန်မာနိုင်ငံမှာရှိနေခြင်းဟာ ကျားမတန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ လူမှုသဘာဝပတ်ဝန်းကျင် တာဝန်သိတတ်မှုတို့အပါအဝင် ဥရောပတန်ဖိုးတွေကို ဦးဆောင် ရှေ့ရွက်ပြုနိုင်ပါတယ်”ဟု အဆိုပါကြေညာချက်က ဖော်ပြထားသည်။ တရုတ်ပိုင်အထည်ချုပ်စက်ရုံများသည် အထက်ပါတန်ဖိုးများကို မသိရှိသော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်သော တရုတ်စက်ရုံများသည် ဥရောပစံနှုန်း စည်းမျဉ်းများကိုလိုက်နာရန်အတွက် ဖိအားပေးခြင်းခံရပါသည်။

“ဥရောပဝယ်ယူစားသုံးသူတွေက အလိုရှိတာကြောင့် ဥရောပအဆင့်အတန်းနဲ့ ဆောင်ရွက်ရပါတယ်”ဟု Eurocham Myanmar မှ အမှုဆောင် ဒါရိုက်တာဖိလစ်လိုဝါယီဆန်က ပြောကြားသည်။

“ကိုရီးယားဖောက်သည်တွေက ဝယ်တယ်ဆိုရင် စံနှုန်းတွေက တစ်မျိုးဖြစ်ပါတယ်”ဟု ၎င်းကဆို သည်။ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ ခြိမ်းခြောက်ခံရခြင်းမှာ ယခုတစ်ကြိမ်က ပထမဆုံးမဟုတ်ပေ။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်က မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီး ထွန်းသစ်စ အထည်ချုပ်လုပ်ငန်းကဏ္ဍကို ထိခိုက်သွားခဲ့ဖူးသည်။

“အဲဒီတုန်းက အထည်ချုပ်ကဏ္ဍ လုံးဝခြောက်ကပ်သွားခဲ့ပါတယ်”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြန်ပြောင်းပြောပြသည်။ “အဲဒီကာလတုန်းက ကျွန်မတို့မှာ အထည်ချုပ်စက်ရုံ ၃၀၀ ကျော်ရှိပြီးတော့ လုပ်သား ၂ သိန်းခွဲကနေ သုံးသိန်းနီးပါးရှိပါတယ်။ စီးပွားရေးပိတ်ဆို့ပြီး ၂ လအကြာမှာ စက်ရုံအတော်များများ ပိတ်သွားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ကျတော့ ကျွန်မတို့မှာ စက်ရုံတစ်ရာလောက်ပဲကျန်ပြီး အလုပ်သမား ၆ သောင်းလောက်ပဲ ရှိပါတော့တယ်”ဟုဆိုသည်။

မြန်မာ၏ GSP အနေအထားကို EU က ရုပ်သိမ်းလိုက်လျှင် ယင်းသို့အဖြစ်သနစ်မျိုး ပြန်ကြုံရမည်ကို စိုးရိမ်နေကြပြီး အလုပ်သမားများနှင့် အသေးစား စွန့်ဦးတီထွင်လုပ်ငန်းများကို ထိခိုက်မည်ဖြစ်သည်။ ဥပမာဆိုရလျှင် ဦးမောင်ထွန်းသည် ၁၉၈၉ ခုနှစ်တွင် လုပ်သားဆယ်ဦးအောက်ဖြင့် စက်ရုံလက်ခွဲအဖြစ် အသေးစား စီးပွားရေးလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၂ တွင် ၎င်းသည် လုပ်ငန်းကို ရန်ကုန် ယုဇနပလာဇာဈေးဘက်သို့ရွှေ့ခဲ့ပြီး အမေရိကန် ပြည်ထောင်စုသို့ အော်ဒါများပေးပို့နေသည့် စက်ရုံနှင့် နီးစေရန်ဖြစ်သည်။

“အဲဒီတုန်းက ရွှေခေတ်ပေါ့ရှင်”ဟု ဦးမောင်ထွန်း၏ ဇနီးဒေါ်တင်ကြည်က ပြောကြားသည်။ “ဂျပန်ကနေ သွင်းတဲ့ အပ်ချုပ်စက်တွေတောင် ဝယ်နိုင်တယ်။ အိမ်သစ်ဝယ်ပြီး အလုပ်ရုံတည်တယ်၊ တိုယိုတာ ဟိုင်းလတ်တစ်စီးနဲ့ ပစ္စည်းပို့တယ်”ဟု သူမကဆိုသည်။ အလုပ်သမားလည်း ၉၀ လောက်အထိ ရှိလာသည်။

၂၀၀၃ တွင် စီးပွားရေးပိတ်ဆို့မှု ရောက်လာသောအခါ အော်ဒါများ မရတော့ပေ။ ၂၀၀၅ တွင် စက်ရုံကိုပိတ်လိုက်ရသည်။ အိမ်သစ်နှင့် ပစ်ကပ်ကားကိုရောင်းပြီး ဝန်ထမ်းများကို ပိုက်ဆံပေးလိုက်ရသည်ဟု ၎င်းကဆိုသည်။ “စီးပွားရေး ပြန်ကောင်းလာမယ်လို့ မျှော်လင့်ရင်း နှစ်အတော်များများ အချိန်ကုန်သွားတယ်။ ၂၀၀၈ လည်းရောက်ရော တို့မှာဘာမှမကျန်တော့ဘဲ ခက်ခဲတဲ့အချိန်ကို ပြန်ရောက်လာတာပဲ”ဟု ဒေါ်တင်ကြည်က ပြောကြားသည်။

၎င်း၏ခင်ပွန်းသည်က သာသနာ့ဘောင် ဝင်သွားသည်။ သူတို့အလုပ်သမားဟောင်းများက အိမ်နီးချင်းထိုင်းသို့ ရွှေ့ပြောင်းသွားကြကာ အလုပ်သွားလုပ်ကြသည်။ အန္တရာယ်များသော အလုပ်များဖြစ်သည်။

အထည်ချုပ်တွင် အလုပ်လုပ်၍ ချမ်းသာဖို့ ခက်သော်လည်း၊ ပျမ်းမျှလစာမှာ အမေရိကန်ဒေါ်လာ ၁၄၁ ဒေါ်လာနှင့် ညီမျှသော လစာ နှစ်သိန်းနှစ်သောင်းဖြစ်သောကြောင့် စစ်အစိုးရ၏ စီမံခန့်ခွဲမှုအမှားများကြောင့် မူလတန်းပညာရေးသာ ရကြသော မြန်မာ့အလုပ်သမားများအတွက် ပုံမှန်ဝင်ငွေရသောကဏ္ဍများထဲမှ တစ်ခုဖြစ်သည်။

“ဘယ်လိုအလုပ်မျိုးသူတို့ရနိုင်မလဲ။ အထည်ချုပ်မှာကျတော့ လူတွေကိုသင်ပေးရတာလွယ်တယ်။ သီတင်းပတ် နှစ်ပတ်လောက်အတွင်းမှာပဲ အလုပ်သမားတွေကို သင်တန်းပေးလို့ရတယ်။ ဘယ်ကဏ္ဍကများ အလုပ်သမားတွေကို ဒီလိုအလုပ်မျိုးပေးထားနိုင်သလဲ”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

အဆိုပါမေးခွန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသို့ မေးရမည်။ EU ၏ စီးပွားရေးပိတ်ဆို့မှု ခြိမ်းခြောက်ခြင်းကို ၎င်းတို့အစိုးရက တုံ့ပြန်ခြင်းမပြုဘဲနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း နေရာယူကာ ဝန်ကြီးဌာနများတွင်လည်း ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေးနှင့် ပြည်ထဲရေးတို့ကို ၂၀၀၈ အခြေခံဥပဒေအရအရ ယူထားသောစစ်တပ်နှင့် ထိရောက်စွာ ပူးတွဲဆောင်ရွက်နေသည်။

စစ်တပ်က နိုင်ငံရေးအရ ခြေကုပ်ရနေရာ စစ်ဗိုလ်ချုပ်ကြီးများကို အမိန့်နာခံခိုင်းရမည်မှာ လက်တွေ့မကျပေ။ အနောက်အုပ်စုကပေးသော ဖိအားများကို အလေးဂရုပြုလျှင်လည်း မြန်မာ့ လူ့အဖွဲ့အစည်းမှ သဘောထား တင်းမာသူများအကြား လူကြိုက်ကြမည်မဟုတ်ပေ။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် အစွန်းရောက် မျိုးချစ်ဗုဒ္ဓဘာသာဘုန်းတော်ကြီးဦးဝီရသူက ရန်ကုန်တွင် တပ်မတော်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထောက်ခံပွဲပြုလုပ်ကာ တိုင်းပြည်အရေး နိုင်ငံခြားစွက်ဖက်မှုများကို ဆန့်ကျင်ကြောင်း ရှုတ်ချခဲ့သည်။

EU သည်လည်း ၎င်းတွင် နိုင်ငံရေးဖိအားများရှိပါသည်။ ဥရောပနိုင်ငံအများတွင်လည်း လူထုကြိုက်၊ အစွန်းရောက် အမျိုးသားရေးဝါဒီလှုပ်ရှားမှုများ ရှိနေပါသည်။ “EU မှာလည်း ကိစ္စများစွာ ဖြစ်နေပါတယ်။ ဥပမာ- ဥရောပပါလီမန်ကလည်း မေလမှာ ရွေးကောက်ပွဲလုပ်တော့မှာမို့ ယခုစီးပွားရေးပိတ်ဆို့ဖို့ ပြောတဲ့ခေါင်းစဉ်ဟာ နိုင်ငံရေးတွေ ပါပါတယ်”ဟု Eurocham Myanmar မှ လိုဝါယီဆန်က ပြောကြားသည်။ “မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားပြီး EU ရဲ့ အကြံပြုချက်တွေကို နားထောင်ဖို့ လိုပါတယ်”ဟုဆိုသည်။ EU သည် လူ့အခွင့်အရေးချိုးဖောက်သော မြန်မာ့စစ်ဗိုလ်ချုပ်ကြီးများကို အပြစ်ပေးဖို့အတွက် ဒေသခံအထည်ချုပ် လုပ်သားများကို မထိခိုက်သော အခြားနည်းလမ်းရှာတွေ့ရန် ၎င်းနှင့် အခြားသူများကပါ မျှော်လင့်နေကြသည်။

“ရခိုင်ပဋိပက္ခမှာ အဓိကတာဝန်ရှိသူတွေကို စီးပွားရေးပိတ်ဆို့မှုက မထိခိုက်ဘဲ၊ မြေပုံပေါ်မှာ ရခိုင် ဘယ်နေရာမှာရှိတယ်ဆိုတာတောင် မပြနိုင်တဲ့သူတွေက ခံကြရမှာဖြစ်ပါတယ်”ဟု လိုဝါဝီဆန်က ပြောကြားသည်။