News

POST TYPE

NEWS

ရုရှားနှင့် စစ်အေးခေတ် နျူသဘောတူညီချက်မှ အမေရိက နုတ်ထွက်မည်ဟု ထရမ့်ကြေညာ
22-Oct-2018



ဝါရှင်တန်၊ အောက်တိုဘာ ၂၁ 

အမေရိကန်ပြည်ထောင်စုကို စစ်အေး ခေတ်ကာလအတွင်း ရုရှားနှင့် ရယူထားသည့် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုသို့ ၁၉၈၇ ခုနှစ်က ရုရှားနှင့် ရရှိခဲ့သော နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းသည် ရုရှားဘက်က အဆိုပါသဘောတူညီချက်ကို ချိုးဖောက်သည့် လုပ်ဆောင်ချက်များ ပြုလုပ်ခဲ့၍ဖြစ်သည်ဟု ထရမ့်ကဆိုသည်။ သို့သော် မည်သည့်လုပ်ဆောင်ချက်ပြုလုပ်ခဲ့သည် ဟူသောအချက်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုမှုမပြုပေ။

“ရုရှားဆိုတဲ့နိုင်ငံဟာ အဲဒီသဘောတူညီချက် စာချုပ်ပါအချက်အလက်တွေကို ချိုးဖောက်နေတာ နှစ်အတော်များများ ရှိသွားပါပြီ။ သမ္မတအိုဘားမားက အဲဒီကိစ္စကို ရုရှားနဲ့ ဘာ့ကြောင့် မညှိနှိုင်းလဲ၊ စာချုပ်ကနေ နုတ်ထွက်ဖို့ ဘာကြောင့် မလုပ်ခဲ့လဲဆိုတာကို ကျွန်တော်နားမလည်ဘူး”ဟု ထရမ့်က နီဗာနားပြည်နယ်တွင် ပြောကြားသည်။ 

“သူတို့အနေနဲ့ နျူကလီးယား သဘောတူညီချက် ဖောက်ဖျက်တာမျိုးကို ကျွန်တော်တို့ဘက်က လုပ်ခွင့်မပြုနိုင်ဘူး။ ကျွန်တော်တို့ကျတော့ နျူလက်နက် လုပ်ခွင့်မရဘဲ သူတို့က လုပ်နေတာမျိုးလည်း ခွင့်မပြုနိုင်ဘူး။ ကျွန်တော်တို့ အဲဒီသဘော တူညီချက်စာချုပ်ကို ဖျက်တယ်၊ ပြီးတော့ လက်နက်တွေကို ထုတ်လုပ်သွားမယ်”ဟု ထရမ့်က ပြောကြားသည်။ 

သို့သော် ထရမ့်က ၎င်းအနေနှင့် နျူကလီးယား သဘောတူညီချက်စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ထိုးပါးမည်ဟု ဆိုထားသည့် ရုရှားနှင့် တရုတ်တို့၏ သဘောတူညီမှုကို ပြန်လည်စဉ်းစားမည့် သဘောမျိုး ပြောကြားသည်။ 

“ရုရှားနဲ့တရုတ်တို့က ကျွန်တော်တို့ဆီ လာပြီး အဲဒီနျူကလီးယားလက်နက်တွေ မထုတ်တော့ပါဘူးလို့ မပြောမချင်း ကျွန်တော်တို့လည်း အဲဒီ နျူကလီးယားလက်နက်တွေ ထုတ်ဖို့လုပ်သွားမှာပါပဲ”ဟု ဆိုသည်။ 

ယခင် ၁၉၈၇ ခုနှစ် နျူကလီးယား သဘောတူညီချက်ကို ထိုစဉ်က အမေရိကန် သမ္မတ ရော်နယ်ရေဂင်နှင့် ဆိုဗီယက် (ရုရှား) ခေါင်းဆောင် မီခေးလ်ဂိုဗာချော့ဗ်တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်း သဘောတူညီချက်အရ နျူကလီးယားထုတ်လုပ်ခြင်း၊ လက်နက်စမ်းသပ်ခြင်း၊ ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခြင်း (မိုင် ၃၀၀ မှ ၃၄၀၀ ထိ) စသည်တို့ကို ပိတ်ပင် ထားသည်။ 

ယခုလို ဒေါ်နယ်ထရမ့်က ရုရှားသည် နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ ရုရှားနိုင်ငံက အမေရိကသည် တစ်ကိုယ်တော်ဆူပါပါဝါဖြစ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု တုံ့ပြန်သည်။ 

“ယခုဖြစ်ရပ်တွင် အဓိကစေ့ဆော်မှုမှာ ဆူပါပါဝါတစ်နိုင်ငံတည်း ရှိလိုသည့် အိပ်မက်ကြောင့်ဖြစ်သည်။ အဆိုပါအိပ်မက် အမှန်တကယ်ဖြစ်လာမည်လော။ လုံးဝမဖြစ်နိုင်ပါ” ဟု ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ RIA က နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြသည်။ 

“ဒီကိစ္စက အမေရိကန်မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ သူတို့မူဝါဒက တာဝန်ယူမှုတွေညီတူမျှတူပေးထားတဲ့ နိုင်ငံတကာ သဘောတူညီချက်မှန်သမျှကနေ နုတ်ထွက်ဖို့ပါပဲ”ဟု ၎င်းက ဆိုသည်။ 

F-01