News

POST TYPE

NEWS

ဇနီးဖြစ်သူကို လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲပြောဆိုပြီး ဓားဖြင့်ထိုးသည့်ခင်ပွန်းကို ဖမ်းဆီး
21-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၁ 

ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက် မင်းနန္ဒာလမ်းရှိ သဒ္ဒါရုံ ကားမှတိုင်အနီးတွင် အောက်တိုဘာလ ၂၀ ရက် ည ၇ နာရီခွဲက လူမှုရေးဖောက်ပြန်သည်ဟု ဇနီးဖြစ်သူကို စွပ်စွဲပြောဆိုပြီး ဓားဖြင့် ထိုးခဲ့သည့် အသက် ၅၂ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည့်။ 

ဓားဖြင့်ထိုးခံရသူ အသက် ၄၃ နှစ်အမျိုးသမီးမှာ ယင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ညက သဒ္ဒါရုံကားမှတ်တိုင်အနီးတွင် ကြက်ကြော်ရောင်းနေစဉ် ၎င်း၏ခင်ပွန်းဖြစ်သူ အသက် ၅၂ နှစ် အမျိုးသားက ရောက်ရှိလာပြီး ဇနီးကို လူမှုရေးဖောက်ပြန်နေသည်ဟု စွပ်စွဲပြောဆို၍ အသင့်ယူဆောင်လာသည့် ဓားဖြင့်ထိုးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

နောက်ကျော ဓားထိုးသွင်းဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီးကို သာကေတ အနော်မာမှ ကျောင်းကွေ့မှတ်တိုင်ဘက်သိုပ မောင်းနှင်လာသည့် YBS (၈၀) ခရီးသည်တင်ယာဉ်တစ်စီးမှ ယာဉ်ပေါ်တင်ဆောင်၍ ဒေါပုံမြို့မ ရဲစခန်းသို့ လာရောက်ပို့အပ်ခဲ့ပြီးနောက် ရဲဆေးစာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ကြောင်း ရဲအရာရှိကပြောသည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ဇနီးဖြစ်သူကို အပြင်းအထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည့် အသက် ၅၂ နှစ် အမျိုးသားကို ဖမ်းဆီးပြီး ဒေါပုံမြို့မ ရဲစခန်းက (ပ) ၅၂၅/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03