News

POST TYPE

NEWS

စားကျက်မြေအတွင်း ကျူးကျော်သူများကို ဖယ်ရှားပေးရန် သမ္မတရုံးအပါအဝင် ဌာနငါးခုသို့တိုင်ကြား
21-Oct-2018

တိုက်ကြီး​၊ အောက်တိုဘာ ၂၁

တိုက်ကြီးမြို့နယ် အရှေ့ဘက် တောင်ရပ်ဇီးကုန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၇၀၃ သပြေတန်းစားကျက်မြေနေရာတွင် ကျူးကျော်နေထိုင်သူ ၄၀ ကျော်ကို ဖယ်ရှားပေးရန် နိုင်ငံတော်သမ္မတရုံးအပါအဝင် သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားထားကြောင်း ဦးဆောင်တိုင်ကြားသူ ဦးအေးစောထွန်းက ပြောကြားသည်။

အဆိုပါနေရာတွင် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် ဒေသခံပြည်သူများ၏ တိုင်ကြားချက်အရ တိုက်ကြီးမြို့နယ် တရားရုံးက အောက်မြန်မာနိုင်ငံ ဥပဒေ (၆၉) အရ တရားစွဲခဲ့သော်လည်း ဒဏ်ငွေ ၂၀၀ ကျပ်သာ ပေးဆောင်စေခဲ့သောကြောင့် ကျူးကျော်နေထိုင်သူများက ယင်းစာကျက်မြေပေါ်တွင် ဆက်လက်နေထိုင်နေခြင်းဖြစ်ကြောင်း၊ ကျူးကျော်များရှိနေသောကြောင့် ကျွဲ၊ နွားများကို လွှတ်ကျောင်းရန် အခက်အခဲနှင့်ရင်ဆိုင်နေရသဖြင့် အောက်တိုဘာ ၁၈ ရက်နေ့က တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း ၎င်းကပြောဆိုသည်။ 

တောင်ရပ်ဇီးကုန်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၈ ရွာရှိပြီး သပြေတန်း စာကျက်မြေပေါ်၌ ကျေးရွာ ၆ ရွာမှ ကျွဲ၊ နွားကောင်ရေ ၄၀၀ ကျော် မှီခိုနေရကြောင်း အဆိုပါ စာကျက်မြေတွင် ကျူးကျော်စိုက်ပျိုးခြင်း၊ နေအိမ်များ ဆောက်လုပ်ခြင်းတို့ကြောင့် ကျွဲ၊နွားများ စားကျက်ပျောက်နေသည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှလည်း သိရသည်။ 

“တောင်သူတွေ စားကျက်ထဲမှာ နွားကျောင်းရင်လည်း သူတို့စပါးပင်တွေ ပျက်စီးလို့ဆိုပြီး တရားစွဲတယ်။ လွတ်တဲ့နေရာကြပြန်တော့လည်း မြက်သတ်ဆေးတွေ ဖျန်းထားတော့ ကျွန်တော်တို့ နွားတွေ သေမှာစိုးလို့ မကျောင်းရဲဘူး။ ကျွန်တော်တို့ ကျွဲတွေ၊ နွားတွေကို သုသာန်တွေ အင်းစပ်တွေမှာ ကျောင်းနေရတယ်”ဟု ဒေသခံတောင်သူ ဦးစိုးဝင်းက ပြောဆိုသည်။ 

ကျူးကျော်နေထိုင်သူများအနေနှင့် ဒဏ်ငွေ ၂၀၀ ဆောင်၍ရသည်ဟုဆိုကာ ပြန်လည်နေထိုင်ခြင်းဖြစ်သည့်အတွက် ဒေသခံ တောင်သူများနှင့် မကြာခဏ ပြဿနာ ဖြစ်လေ့ရှိကြောင်း သရက်တောကျေးရွာမှ ရာအိမ်မှူး ဦးမြင့်ဝေက ပြောကြားသည်။

“ဒီပြဿနာနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကနေတစ်ဆင့် တားမြစ်စာ သုံးကြိမ်ပို့ပြီးထားပြီး။ စားကျက်မြေ ဥပဒေအရ ငွေ ၂၀၀ (ကျပ်)နဲ့ပဲ ဒဏ်ရိုက်လို့ရတာ။ မထိရောက်ဘူးဆိုတော့ ဌာနဆိုင်ရာတွေနဲ့ ကွင်းဆင်းစစ်ဆေးပြီး ဒေသန္တရအမိန့် ပုဒ်မ (၁၈၈) ထုတ်ပြီး တရားစွဲမှ ရတော့မယ်။ ဒီလို လုပ်ခွင့်ပေးဖို့ ခရိုင်ကိုတင်ပြထားတယ်”ဟု တိုက်ကြီးမြို့နယ် အထွေအထွေဦးစီးဌာနမှ ဒုဦးစီးအရာရှိ ဦးအောင်ကျော်က ပြောဆိုသည်။

တိုက်ကြီးမြို့နယ်အတွင်း စားကျက်မြေဧက တစ်သောင်းကျော်ရှိသည့်အနက် ဧက သုံးထောင်ကျော်ကို စားကျက်မြေအဖြစ်မှ ပယ်ဖျက်ထားပြီးဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။

R-19