News

POST TYPE

NEWS

ကညနရုံးအတွင်းရှိ ပွဲစားများကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်းဆီးမည်
21-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ)ရုံးအတွင်းရှိ ပွဲစားများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် တိုင်းဦးစီးမှူး ဦးလျန်ကျင့်မာန်က ပြောကြားသည်။

ယခုလက်ရှိ မြင်သာ ကညနရုံးအပေါက်ဝများတွင် ပွဲစားများကို ယုံကြည်ပြီးမလုပ်ကြရန်နှင့် မိမိတို့ကိုယ်တိုင် ဆောင်ရွက်ကြရန် နှိုးဆော်အသံလွှင့်ကာ အသိပေးထားကြောင်း ၎င်းကဆိုသည်။

“ပွဲစားတွေနဲ့ပတ်သက်ပြီး ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းလိုင်စင် ကိုင်ထားတဲ့သူတွေအနေနဲ့ ပွဲစားတွေကို ယုံကြည်ပြီးတော့ မခိုင်းဖို့နဲ့ ကိုယ်တိုင်လုပ်ရင် ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ ဝန်ဆောင်မှုကောင်းကောင်း လုပ်ဖို့လည်း ဝန်ထမ်းတွေကို မှာကြားထားပါတယ်။ လိုင်စင်အတုလုပ်ပေးတဲ့ပွဲစားတွေကို ဖမ်းဆီးရမိတာတွေ ရှိပါတယ်”ဟု ဦးလျန်ကျင့်မာန်က ဆိုသည်။

၂၀၁၈ ခုနှစ်အတွင်း မမှန်မကန်လုပ်သည့် ပွဲစားများကို ဖမ်းဆီးပြီး ရဲစခန်းသို့ ပို့ဆောင်ထားသည့်အမှု ငါးမှုခန့်ရှိကြောင်းနှင့် ယင်းအမှုများတွင် ယာဉ်မောင်းလိုင်စင်အတုလုပ်သူများ အများဆုံး ဖမ်းဆီးရမိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“ကညန မြင်သာရုံးမှာ လူလိမ်ပွဲစားတွေ အများကြီး ရှိပါတယ်။ ဟိုတစ်ခါ ဇွန်လက ဖမ်းဆီးလိုက်တုန်းက ပျောက်သွားပြီး အခု ထပ်မံများလာပါတယ်။ ယာဉ်မောင်းလိုင်စင်အတု လုပ်တဲ့ပွဲစားတွေနဲ့ လိုင်စင်လုပ်ပေးမယ်ဆိုပြီး ငွေလိမ်တဲ့သူ တော်တော်များပါတယ်။ ခံရတဲ့သူတွေလည်း တော်တော်ခံရတယ်”ဟု အငှားယာဉ်မောင်းဖြစ်သူ ကိုသော်ဇင်က ဆိုသည်။

ယခု လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်လိုင်စင်နှင့် ယာဉ်မှတ်ပုံတင်အတု ပြုလုပ်သူများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိပြီး က.ည.နတွင် ယာဉ်မောင်းလိုင်စင်အတွက် ဖြေဆိုထားခြင်းမရှိဘဲ အပြင်ပွဲစားများဖြင့်ပြုလုပ်ကာ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူများအနေနှင့် ကညန ရုံးများတွင် သွားရောက် စစ်ဆေးနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-10