News

POST TYPE

NEWS

ပုသိမ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ဗဟိုထိန်းချုပ်ရေးစင်တာဖြင့် စောင့်ကြည့်
21-Oct-2018

ပုသိမ်၊ အောက်တိုဘာ ၂၀

ပုသိမ်မြို့တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံးတွင် ဗဟိုထိန်းချုပ်ကွပ်ကဲရေးစင်တာ (Command and Control Centre) C3 ဖြင့် ၂၄ နာရီ စောင့်ကြည့်လျက်ရှိနေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“ပုသိမ်မြို့ပေါ်မှာ ဖြစ်ပွားလာနိုင်တဲ့ မီးဘေးအန္တရာယ်စောင့်ကြည့်ရေးအတွက် ပုသိမ်မြို့မှာရှိတဲ့ အထပ်မြင့်အဆောက်အအုံတစ်ခုပေါ်မှာ ကင်မရာအကြီး ၁ လုံး၊ အသေး ၄ လုံး၊ စုစုပေါင်း ၅ လုံးတပ်ဆင်ထားပါတယ်၊ နေ့ဘက်မှာ အနည်းဆုံး ၅ မိုင်ကနေ ၆ မိုင်ခန့်၊ ညဘက်မှာ ၂ မိုင်ကနေ ၃ မိုင် ခန့်ကို အဆ ၄၀ ခန့် အနီးကပ်ဆွဲယူကြည့်ရှုနိုင်တဲ့အတွက် မီးဘေးအန္တရာယ်နဲ့ သဘာဝဘေးအန္တရာယ်တွေကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူးရုံးမှ တာဝန်ခံအရာရှိ လ/ထ ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးက ရှင်းပြသည်။

ပုသိမ်မြို့တွင် ကင်မရာများတပ်ဆင်၍ ခေတ်မီနည်းပညာများဖြင့် စောင့်ကြည့်ပေးနေသည့်အတွက် ပြည်သူများစိတ်ချမ်းသာရသော်လည်း ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ပြည်သူတစ်ဦးချင်းစီအလိုက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေသင့်ကြောင်း အမှတ် (၇) ရပ်ကွက်မှ ဦးမျိုးထွဋ်က မှတ်ချက်ပေးပြောကြားသည်။

R-11