News

POST TYPE

NEWS

အမှုရင်ဆိုင်နေရသူများ တရားမျှတရေးဆိုင်ရာအဖွဲ့များထံ အကူအညီတောင်းရန်တိုက်တွန်း
19-Oct-2018

မန္တလေး၊ အောက်တိုဘာ ၁၈ 

မန္တလေးတိုင်းအတွင်း အမှုရင်ဆိုင်နေရသူများအနေနှင့် တရားစီရင်ရေးမဏ္ဍိုင်သည် တရားမျှတမှုမရှိ၍ဖြစ်စေ၊ အမှုကြန့်ကြာနေ၍ဖြစ်စေ တရားရုံးများစောင့်ကြည့်လေ့လာရေးနှင့် ဆန်းစစ်ရေးအဖွဲ့၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးဆိုင်ရာအဖွဲ့များထံ အကူအညီတောင်းခံကြရန် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက တိုက်တွန်းပြောကြားသည်။

ဒီအဖွဲ့နှစ်ဖွဲ့က တရားရုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ဆောင်ရွက်နေတာရှိတယ်။ တစ်ခုရှိတာက ဒါကို လူသိတာနည်းတယ်။ တချို့တွေမသိဘူး။ ဒီအဖွဲ့နှစ်ဖွဲ့အပေါ်မှာ ပြည်သူတွေအားကိုးရမယ့် ကဏ္ဍပျောက်နေတယ်လို့ ယူဆတယ်” ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းအတွင်းရှိတရားရုံးများ တရားစီရင်ရာတွင် ယခုထက်ပိုမိုကောင်းမွန်စေရေး ထိန်းကြပ်ရန် တိုက်တွန်းကြောင်းအဆိုအောင်မြင်သောကြောင့် တရားရုံးများအား စောင့်ကြည့်လေ့လာရေးနှင့် ဆန်းစစ်ရေးအဖွဲ့ကို မန္တလေးတိုင်းအစိုးရအဖွဲ့ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့တွင် အငြိမ်းစားဥပဒေပညာရှင်၊ တရားရေးပညာရှင်၊ လက်ရှိတာဝန်ထမ်းဆောင်နေဆဲဝန်ထမ်း၊ လွှတ်တော်ကိုယ်စားလှယ်နှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်ကြောင်း၊ အဆိုပါအဖွဲ့ရှိရာ မန္တလေးတိုင်းအစိုးရ အဖွဲ့ရုံး၊ ဝင်စာဌာနတွင် ဆက်သွယ်နိုင်သကဲ့သို့ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေးထားသည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးဆိုင်ရာအဖွဲ့ထံမှလည်း အကူအညီတောင်းခံနိုင်ကြောင်း၊ ယင်းအဖွဲ့ကို မန္တလေးတိုင်း တရားရုံးတွင်ဖွဲ့စည်းပေးထားကြောင်း မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောဆိုသည်။

ပြည်သူများအနေနှင့် တရားရုံးသွားရမည်ကို ကြောက်ရွံ့နေကြကြောင်း၊ တရားစီရင်ရာတွင်လည်း နှစ်ချီကြာမြင့်မှုများရှိနေကြောင်း၊ အစိုးရနှင့်လွှတ်တော် အပြောင်းအလဲကာလတွင် ပြောင်းလဲမှုအနည်းဆုံးမှာ တရားရေးမဏ္ဍိုင်ဖြစ်ကြောင်း မန္တလေးသတင်းစာပညာ ကျောင်းကိုဦးဆောင်သူ ဦးစန်းယုကျော်က မှတ်ချက်ပြုသည်။

M-07