News

POST TYPE

NEWS

တရုတ်မယားအဖြစ် အမျိုးသမီးတစ်ဦးကို ရောင်းစားသူသုံးဦးအား အမှုဖွင့်
19-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၈

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၅ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လီဆယ်ပြောဆိုစည်းရုံးပြီး တရုတ်မယားအဖြစ် ရောင်းစားခဲ့သူသုံးဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုဖွင့်ခံရသူ သုံးဦးမှ အသက် ၃၆ နှစ် မခိုင်ဇာသင်း(ခ) ခိုင်ဇာမှာ ယခုနှစ် မတ်လပိုင်းက အိမ်ထောင်ကွဲပြီး မိဘနေအိမ် ပြန်ရောက်ရှိနေသည့် အသက် ၂၄ နှစ် အရွယ် အမျိုးသမီးကို တရုတ်နိုင်ငံသားတစ်ဦးနှင့် ခြောက်လကြာ ပေါင်းသင်းပါက ကျပ် ၂၅ သိန်းရမည့်အပြင် ယင်းတရုတ်နိုင်ငံသား အမျိုးသားက ရွှေတစ်ဆင်စာ ဆင်ပေးမည်ဖြစ်ကြောင်း မက်လုံးပေးလီဆယ်ပြောဆိုစည်းရုံးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် အဆိုပါ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို မခိုင်ဇာ၏ ခင်ပွန်းဖြစ်သူ အသက် ၃၁ နှစ် လင်းအောင် (ခ) လင်းလင်းက မူဆယ်မြို့သို့ လိုက်ပို့ခဲ့ပြီး အသက် ၃၉ နှစ် မအေးအေးအောင် (ခ) စန္ဒီချိုနှင့်အတူ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်၍ ကျန်းရှီပြည်နယ်၊ ရှန်လောင်မြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံ အဆိုပါမိန်းကလေးကို ယွမ်ငွေတစ်သိန်းတစ်သောင်းဖြင့် ရောင်းစားခဲ့သည်။

တရုတ်မယားအဖြစ် ရောင်းစားခံရသည့် အမျိုးသမီးမှာ ယောက္ခမဖြစ်သူ၏ မတရားခိုင်းစေ၍ ရိုက်နှက်မှုကြောင့် ထွက်ပြေးခဲ့သော်လည်း ခင်ပွန်းဖြစ်သူ တရုတ်အမျိုးသား၏ ဆွေမျိုးများက ၎င်းကို လိုက်လံဖမ်းဆီးခဲ့ပြီးနောက် ခြေထောက်ကို သံကြိုးဖြင့်ခတ်၍ အခန်းအတွင်း ပိတ်လှောင်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီးကို ခိုင်းစေချိန်နဲ့ သားမယားအဖြစ် ဆက်ဆံချိန်မှာသာ ခြေထောက်မှာ ခတ်ထားတဲ့ သံကြိုးကို ဖြုတ်ပေးတယ်လို့ သိရတယ်။ နောက်ပိုင်းမှာ သူ့ကို သားမယားအဖြစ် ပေါင်းသင်းနေတဲ့ တရုတ်အမျိုးသားက နင်ပြန်ချင်တယ်ဆိုရင် နင့်မိသားစုကို ယွမ်ငါးသောင်းငါးထောင် ဒီပို့ခိုင်း။ မပို့ပေးရင် အခြားတရုတ်အိမ်မှာ နင့်ကို ပြန်ရောင်းစားမယ်ပြောပြီး မိဘတွေဆီ ဆက်သွယ်ဖို့ ဖုန်းပေးခဲ့တယ်။ အဲဒီဖုန်းဆက်သွယ်မှုကြောင့်ပဲ ဒီအမျိုးသမီးကို ပြန်ကယ်ဆယ်နိုင်ခဲ့တာပါ” ဟု ရဲအရာရှိက ရှင်းပြသည်။

တရုတ်အမျိုးသားထံ ယွမ်တစ်သိန်းတစ်သောင်းဖြင့် ရောင်းစားခံရသည့် အမျိုးသမီးမှာ We Chat မှနေ၍ မိဘများထံ ၎င်းရောက်ရှိနေသည့် နေရာနှင့် တရုတ်အမျိုးသား၏ မှတ်ပုံတင်တို့ကို ဓာတ်ပုံရိုက်ပို့ခဲ့သောကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၅ ရပ်ကွက်ရှိ မိဘများက သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် ခြောက်လခန့်အကြာတွင် တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၎င်းကို ကယ်ဆယ်၍ ၁၇ ရက်ကြာ ရဲစခန်းတွင် ထိန်းသိမ်းထားပြီးနောက် စက်တင်ဘာလ ၁၄ ရက်နေ့ တွင် မူဆယ်မြို့ရှိ လူဝင်မှုဦးစီးဌာနထံ အမျိုးသမီးကိုလွှဲပြောင်းပေးအပ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

လူကုန်ကူးခံရသည့် အမျိုးသမီးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ၎င်း၏ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ၎င်းကို တရုတ်မယားအဖြစ် ရောင်းစားခဲ့သော ခိုင်ဇာသင် (ခ) ခိုင်ဇာ၊ အေးအေးအောင်(ခ) စန္ဒီချိုနှင့် လင်းလင်း (ခ) လင်းအောင်တို့သုံးဦးမှာ လက်ရှိ မူဆယ်ခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03