News

POST TYPE

NEWS

YBS ၈၇ ယာဉ်မောင်းက ကင်တာယာဉ်မောင်းကို ငှက်ကြီးတောင်ဓားဖြင့် ခုတ်
19-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၈

ဒဂုံအရှေ့ မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ ဈေးလေးမှတ်တိုင်တွင် ယာဉ်ရှေ့ပိတ်မရပ်ရန်ပြောသည့် ကင်တာယာဉ်မောင်း အမျိုးသားကို YBS (၈၇) ယာဉ်မောင်းက ငှက်ကြီးတောင်ဓားဖြင့် ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့် ခုတ်ခံရသူ ကင်တာယာဉ်မောင်း သန်းထွန်း (ခ) ဖိုးသန်းမှာ အောက်တိုဘာလ ၁၆ ရက် ည ၁၁ နာရီ က ဈေးသိမ်းပြီး နေအိမ်သို့ ကင်တာယာဉ်မောင်း၍ ပြန်လာစဉ် ဗိုလ်မှူးဗထူးလမ်းရှိ ဈေးလေးမှတ်တိုင်အရောက် YBS (၈၇) ယာဉ်တစ်စီးမှ ၎င်း၏ယာဉ်ကို ကျော်တက်၍ ရှေ့မှပိတ်ရပ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယာဉ်ရှေ့ ပိတ်ရပ်နေသည့် YBS (၈၇) ယာဉ်ကို မြန်မြန်မောင်းထွက်ရန် ကင်တာယာဉ်မောင်းသန်းထွန်း (ခ) ဖိုးသန်းက ပြောဆိုရာမှ ယာဉ်မောင်းနှစ်ဦး စကားများရန်ဖြစ်ခဲ့ပြီး YBS (၈၇) ယာဉ်မောင်း အသက် ၂၈ နှစ် ဖြိုးအောင်က ငှက်ကြီးတောင်ဓားဖြင့် ခုတ်ခဲ့သောကြောင့် သန်းထွန်း၏ ဘယ်လက်ဖျံနှင့် ညာလက်သူကြွယ်၊ ညာလက်ညှိုးတို့တွင် ပြတ်ရှဒဏ်ရာများရခဲ့သည်။

ဒဏ်ရာများ ရရှိခဲ့သည့် ကင်တာယာဉ်မောင်းမှာ မြောက်ဥက္ကလာပမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရပြီး သန်းထွန်း (ခ) ဖိုးသန်း၏ အစ်ကိုဖြစ်သူက အောက်တိုဘာလ ၁၇ ရက် ညနေပိုင်းတွင် ဒဂုံအရှေ့မြို့မရဲစခန်းသို့ ရောက်ရှိလာပြီး တရားလိုပြုတိုင်ကြားလာသဖြင့် ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သော YBS (၈၇) ယာဉ်မောင်း ဖြိုးအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03