News

POST TYPE

NEWS

ကရိုင်းမီးယား နည်းပညာကောလိပ်တွင် သေနတ်ပစ်ခတ်မှုဖြစ်၊ ၁၉ ဦးသေဆုံးပြီး အမြောက်အမြားဒဏ်ရာရ
19-Oct-2018



ကိယက်ဗ်-မော်စကို၊ အောက်တိုဘာ ၁၈

ရုရှားနိုင်ငံက သိမ်းယူထားသော ယူကရိန်းပိုင် ကရိုင်းမီးယားရှိနည်းပညာ ကောလိပ်တစ်ခုတွင် သေနတ်ကိုင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက် ကျောင်းသား ကျောင်းသူ လူငယ်အများစု အပါအဝင် လူပေါင်း ၁၉ ဦး သေဆုံးသွားကြောင်း ဥရောပသတင်းဌာနများက ရေးသားဖော်ပြသည်။ 

အာဏာပိုင်များ၏ အဆိုအရ ကတ်ခ်ျစီးတီးရှိ နည်းပညာကောလိပ်တစ်ခုထဲသို့ အသက် ၁၈ နှစ်အရွယ်ကျောင်းသား တစ်ဦးက သေနတ်ကိုင်ဆောင်ကာ ဝင်ရောက်လာပြီး အခြားကျောင်းသားကျောင်းသူများကို ဦးစွာပစ်ခတ်ခဲ့သည်။ ထို့နောက် ၎င်းသည် မိမိကိုယ်ကိုပစ်ခတ်ကာ အဆုံးစီရင်သွားသည်ဟု ရုရှားစုံစမ်းစစ်ဆေးရေး အာဏာပိုင်များက ဆိုသည်။ 

မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ သေနတ်ပစ်ခတ်မှုသာမက အမျိုးအမည်မသိသော အရာတစ်ခုလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ 

ရုရှားစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဆိုအရ ဗလာဒီစလတ်ရိုစလာကော့ဗ်ဆိုသူသည် စာသင်ခန်းအတွင်းမှ ထွက်လာပြီးနောက် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် အနီးရှိကန်တင်းတွင်လည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်ကို လူအမြောက်အမြား သတ်ဖြတ်ခံရမှုဟု ရုရှားအာဏာပိုင်များက သတ်မှတ်ဖော်ပြသည်။ 

နိုင်ငံပိုင် TASS သတင်းဌာနက၏ ဖော်ပြချက်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူအများစုမှာ ကျောင်းသားများဖြစ်သည်ဟု ဆိုသည်။ 

“ပထမထပ်မှာ ပစ်ခတ်သံတွေကြားရချိန်မှာ ကျွန်တော်က စာသင်ခန်းထဲမှာ။ ကျွန်တော်တို့အားလုံး အပြင်ကော်ရဒါဘက်ကို ထွက်ပြေးခဲ့တယ်။ တချို့ကျောင်းသားတွေက လူတစ်ယောက် သေနတ်ကိုင်ပြီး တွေ့သမျှလူတွေ အားလုံးကို လိုက်ပစ်နေတယ်လို့ အော်ဟစ်အသိပေးကြတယ်”ဟု မျက်မြင်သက်သေ ကျောင်းသားတစ်ဦးက ပြောကြားသည်။ 

နောက်ထပ် မျက်မြင်သက်သေ တစ်ဦးဖြစ်သူ ဆာဂျီဆိုသူက သေနတ်ပစ်ခတ်သံရော ပေါက်ကွဲသံပါကြားရသည်ဟုဆို သည်။ 

ပယ်လယ်နက်ဒေသ ဆိုချီအပန်းဖြေမြို့သို့ ရောက်ရှိနေသော ရုရှားသမ္မတဗလာ ဒီမာပူတင်က ကြေကွဲဖွယ်ကောင်းလွန်းသော ဖြစ်ရပ်ဟု ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားသည်။ 

“ဒါဟာရာဇဝတ်မှုတစ်ခုဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်တာတွေအားလုံးကို ဂရုတစိုက် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်”ဟု ပူတင်က ပြောကြားသည်။ 

ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးသွားသူ၊ ဒဏ်ရာရရှိသွားသူများ၏ မိသားစုဝင်များအတွက် အထူးပင်ဝမ်းနည်းကြေကွဲ ရပါကြောင်း ပူတင်ကသတင်းစကား ပြောကြားသည်။ 

“ဒဏ်ရာရရှိသွားသူတွေလည်း အမြန်ဆုံး သက်သာပျောက်ကင်းသွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု သမ္မတပူတင်က ပြောကြားသည်။ 

ထို့နောက် သေဆုံးသွားသူများအတွက် ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်စွာနေပေးရန် ပူတင်က တိုက်တွန်းသည်။ 

BBC သတင်းဌာန၏ ဖော်ပြချက်အရ သေနတ်သမား ဗလာဒီစလတ်ရိုစလာ ကော့ဗ်ဆိုသူသည် အဆိုပါနည်းပညာ ကောလိပ်ကျောင်းကို လွန်စွာမုန်းတီးနေခဲ့သူဖြစ်ပြီး ဆရာ၊ ဆရာမများကိုလည်း လက်စားချေမည်ဟု ကြုံးဝါးထားသူဖြစ်ကြောင်း သိရသည်။ 

အတန်းဖော် သူငယ်ချင်းများ၏ အဆိုအရသေနတ်သမား စဗလာဒီစလတ်ရို စလာကော့ဗ်ဆိုသူသည် သိုသိုသိပ်သိပ် နေတတ်သူဖြစ်ပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းမျိုး မရှိပေ။ လူမှုကွန်ရက်များ အသုံးမပြုခဲ့သည်မှာလည်း အချိန်ကြာမြင့်နေပြီဖြစ်သည်ဟု ဆိုသည်။

F-01