News

POST TYPE

NEWS

TNLA က ၂ လနီးပါးဖမ်းထားသည့် နန်းမိုဟွမ် နေအိမ်ပြန်ရောက်
19-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၈

တအာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ TNLA က နှစ်လနီးပါးကြာ ဖမ်းဆီးထားသည့် နန်းမိုဟွမ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ သူ၏နေအိမ်သို့ ယနေ့တွင် ပြန်ရောက်ခဲ့သည်။

အသက် ၃၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် နန်းမိုဟွမ်သည် TNLA က “အခွန်” ဟု သတ်မှတ်သည့် ဆက်ကြေးကောက်ခံမှုကို အစိုးရထံတိုင်ကြားခဲ့ကြောင်း စွပ်စွဲပြီး ဩဂုတ်လ ၁၇ ရက်တွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

TNLA က သူ့အား နေရာမသိရသည့် စခန်းတစ်ခုတွင် နှစ်လနီးပါးကြာ ဖမ်းဆီးခံခဲ့ပြီး TNLA ၏ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ အရဟုဆိုကာ ထောင်သုံးနှစ်ချခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးရန်ဆုံးဖြတ်ခဲ့သည်။

နန်းမိုဟွမ်လွတ်မြောက်မှုကို သူ၏အစ်မက အတည်ပြုပြီး ပြန်လည်လွတ်မြောက်ရေး ကူညီသူအားလုံးကို ကျေးဇူးတင်စကား ပြောခဲ့သည်။

“လွတ်မြောက်ပေးဖို့ ကြိုးစားပေးခဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်တယ်လို့ ပြောပေးပါ။ ကျွန်မပျော်တာထက် သားသမီးတွေ ပိုပျော်နေတယ်” ဟု နန်းမိုခမ်းက ပြောသည်။

ထိုက်နန္ဒာဝင်း/ Myanmar Now