News

POST TYPE

NEWS

ကားမှောက်၍ ကျောက်​ဂူ​ဆရာ​တော် ​ပျံလွန်​​တော်​မူ
18-Oct-2018



တောင်​ငူ၊​အောက်​တိုဘာ ၁၈

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၀ အနီးတွင် ယနေ့ မနက် ၉ နာရီကျော်က ကားမှောက်၍ ကလေးမြို့ ကျောက်ဂူတောရဆရာတော် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါလာသူ ဦးစန်းကိုဆိုသူလည်း သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “ဆရာတော် ပျံလွန်တော်မူသွားပါပြီ။ ဆရာတော်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို မန္တလေးသယ်ဖို့ ပြင်ဆင်နေပါတယ်”ဟု ယနေ့ မွန်းလွဲပိုင်းတွင် The Voice သတင်းစာသို့ အတည်ပြုပြောကြားသည်။

ဆရာတော်ပါလာသည့်ကားသည် နေပြည်တော်မှ မန္တလေးဘက်သို့ပြန်လာစဉ် မိုင်တိုင် ၃၁၀ အနီးအရောက်တွင် လမ်းဘေးတောင်စောင်းကို ဝင်တိုက်မိပြီး ကားမှောက်သွားခြင်းဖြစ်သည်။ ဆရာတော်ကို နွားထိုးကြီးဆေးရုံသို့ ပို့ဆောင်သော်လည်း ဆေးရုံတွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် သက်တော် ၆၈၊ ဝါတော် ၄၈ ရှိပြီဖြစ်သည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကိုညိုထူး (၃၈ နှစ်) ဆိုသူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ပြင်စည်အမြန်လမ်းရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

R-15

ဓာတ်​ပုံ - အမြန်​လမ်းရဲတပ်​ဖွဲ့ 