News

POST TYPE

NEWS

တောင်ကြီးမီးပုံးပျံပွဲလေလံ ပြီးခဲ့သည့်နှစ်ကထက် ကျပ်သိန်း ၄၀၀ ကျော်ပိုရ
18-Oct-2018



ကျိုင်းတုံ၊ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ် တောင်ကြီးမြို့ မီးပုံးပျံပွဲတော်လေလံကို အောက်တိုဘာ ဒုတိယပတ်က ကျင်းပခဲ့ရာ ပြီးခဲ့သည့်နှစ်ကထက် ကျပ်သိန်း ၄၀၀ ကျော်ပိုမိုရရှိခဲ့ကြောင်း အဆိုပါပွဲတော်ဘဏ္ဍာရှာဖွေရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

“မနှစ်ကတော့ ပွဲတော်တစ်ခုလုံးအတွက်ကို လေလံတစ်ဦးတည်းကနေ ကျပ်သိန်း ၃၀၀၀ ကျော်ရတယ်။ ဒီနှစ်အတွက်ကတော့ ဆိုင်ခန်းခွန်၊ ယာဉ်အပ်နှံခွန်စတဲ့ လေလံတွေကို တစ်ဦးတည်းမပေးတော့ဘဲ ခွဲပြီးလုပ်လိုက်တာ သုံးဦးလေလံအောင်ပြီး ကျပ်သိန်း ၃၄၀၀ ကျော် ရပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွက် ဆိုင်ကယ်အပ်နှံခကို တစ်စီးလျှင် တစ်ထောင်ကျပ်နှင့် မော်တော်ယာဉ်တစ်စီးလျှင် သုံးထောင်ကျပ်ကောက်ခံမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကကျင်းပသည့် မီးပုံးပျံပွဲတော်တွင် ဆိုင်ကယ်နှင့် မော်တော်ယာဉ်အပ်နှံဂိတ်များ၌ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံမှုများရှိခဲ့ကြောင်း တိုင်ကြားခဲ့သည့်အတွက် ယခုနှစ်ပွဲတော်တွင် သတ်မှတ်ယာဉ်အပ်နှံခများထက် ပိုမိုကောက်ခံပါက အရေးယူမည်ဖြစ်ကြောင်း ဦးစိုင်းရှဲန်တစ်လုံက ပြောဆိုသည်။

နှစ်စဉ် အဝေရာမီးပုံးပျံကွင်း၌ ၁၀ ရက်ကြာကျင်းပလေ့ရှိသည့် တောင်ကြီးမီးပုံးပျံပွဲတော်အတွင်း နေ့လွှတ်မီးပုံးပျံနှင့် ညလွှတ်မီးပုံးပျံ ပြိုင်ပွဲများအပါအဝင် ပထမဆုံးအကြိမ်အဖြစ် စာပေပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

R-16