News

POST TYPE

NEWS

အငှားယာဉ်မောင်း၏ လည်ပင်းကိုဓားဖြင့်လှီး၍ မော်တော်ယာဉ်ကို လုယူ
18-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ပီလခတ်ဘုရားကျောင်းအဝင်လမ်းအနီးတွင် အောက်တိုဘာလ ၁၆ ရက် ည ၁၁ နာရီက ခရီးသည်အယောင်ဆောင် အမျိုးသားတစ်ဦးက အငှားယာဉ်မောင်း၏ လည်ပင်းကို ဓားဖြင့်လှီးပြီး ဖီဒါအမျိုးအစား မော်တော်ယာဉ်ကို လုယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လည်ပင်းဓားဖြင့်လှီးခံရသည့် အငှားယာဉ်မောင်း အသက် ၄၀ နှစ် အမျိုးသားမှာ ယင်းညက သာကေတမြို့နယ် ရှုခင်းသာပတ်လမ်းအတိုင်း ဖီဒါအငှားယာဉ်ကို မောင်းနှင်လာစဉ် M.O.G.E ရုံးရှေ့အရောက် အမည်မသိအမျိုးသားတစ်ဦးက ကျောက်တန်းမြို့နယ်သို့ လိုက်ပို့ပေးရန် ယာဉ်ငှားရမ်းခဲ့ကြောင်း၊ ယင်းနောက် ကျောက်တန်းမြို့နယ်ရှိ ပီလခတ်ဘုရား ကျောင်းအဝင်လမ်းအနီးတွင် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် အမျိုးသားက ယာဉ်ရပ်တန့်ခိုင်းခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ရဲအရာရှိက ပြောသည်။

“ပြစ်မှုကျူးလွန်သူက ကားရပ်ခိုင်းပြီး သူ့မှာပါလာတဲ့ဓားနဲ့ ကားသမားရဲ့လည်ပင်းကို လှီးလိုက်တာ။ လည်ပင်းပြတ်ရှ ဒဏ်ရာရလို့ ကားမောင်းသူက ကားပေါ်က ဆင်းပြေးချိန်မှာ ကားလုယူသွားတယ်။ လုယူသွားတဲ့ကားကို အခင်းဖြစ်နေရာနဲ့ ခြောက်ဖာလုံလောက်အကွာမှာရှိတဲ့ ရေမြောင်းထဲမှာ ပြန်တွေ့တယ်။ လုယက်မှုကျူးလွန်သူကိုတော့ မမိသေးဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ လုယက်မှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သည့် အမည်မသိအမျိုးသားကို ကျောက်တန်းမြို့မ ရဲစခန်းက (ပ) ၄၀၅/ ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းနှင့် လည်ပင်းပြတ်ရှဒဏ်ရာရခဲ့သည့် အငှားယာဉ်မောင်းအမျိုးသားမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03