News

POST TYPE

NEWS

ဆိုမာလီယာနိုင်ငံတွင် အမေရိကန်တို့ ဧရာမလေကြောင်းထိုးစစ်ကြီးပြုလုပ်၊ အယ်လ်ရှာဘတ်စစ်သွေးကြွ ၁၀၀ ခန့်ကို ချေမှုန်းပစ်နိုင်ဟုဆို
18-Oct-2018



ဝါရှင်တန်၊ အောက်တိုဘာ ၁၇ 

အမေရိကန်ပြည်ထောင်စုသည် ဆိုမာလီယာရှိ စစ်သွေးကြွပစ်မှတ်များကို ၂ နှစ်အတွင်း အကြီးမားဆုံးလေကြောင်း ထိုးစစ်ပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်စစ်သွေး ကြွ ၆၀ ခန့်ကို သတ်ဖြတ်ချေမှုန်းနိုင်ခဲ့သည်ဟု အမေရိကန်စစ်ဘက်က ကြေညာချက်ထုတ်ပြန်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။ 

အောက်တိုဘာ ၁၆ ရက်နေ့က ဆိုမာလီယာရှိ အယ်လ်ရှာဘတ်စစ်သွေးကြွတို့၏ စစ်စခန်းများကို လေကြောင်းထိုးစစ်ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်သည်ဟု သတင်းက ဆိုသည်။ 

ယခု လေကြောင်းထိုးစစ်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့နောက်ပိုင်း အကြီးမားဆုံးသော လေကြောင်းထိုးစစ်ဖြစ်သည်။ ပစ်မှတ်တစ်ခုဖြစ်သော အယ်လ်ရှာဘတ်အုပ်စု၏ သင်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အစွန်းရောက်စစ်သွေးကြွ ၁၀၀ ခန့်ကို သတ်ဖြတ်ချေမှုန်းလိုက်နိုင်သည်ဟု အမေရိကန်ပြည်ထောင်စု အာဖရိကစစ်ရေး ကွပ်ကဲမှုဌာနက သတင်းထုတ်ပြန်သည်။ 

ထိုးစစ်မှာ အာဖရိကဦးချိုဒေသတစ်လျှောက်ရှိ ဟာဒါရီယာနယ်မြေထဲရှိ အယ်လ်ရှာဘတ်စစ်စခန်းများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ 

အာဖရိက ဦးချိုဒေသ၏ အလယ်ပိုင်းတွင် အမေရိကန်စစ်တပ်က ဆိုမာလီ တပ်ဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်ပေးလျက်ရှိသည်။ 

ထို့ပြင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားသော အာဖရိကသမဂ္ဂ တပ်ဖွဲ့များနှင့်လည်း စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများရှိသည်။ 

အယ်လ်ကေဒါအကြမ်းဖက်အုပ်စု၏ လက်အောက်ခံအဖွဲ့ဖြစ်ပြီး နိုင်ငံတကာ၏ ပံ့ပိုးမှုရရှိထားသော ဆိုမာလီအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် အယ်လ်ရှာ ဘတ်အုပ်စုအပေါ် လတ်တလောလများအတွင်း လေကြောင်းထိုးစစ်ဖြင့် တိုက်ခိုက်မှုများ မြင့်တက်လာသည်။ 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် သမ္မတထရမ့်က အာဖရိကဒေသရှိ တပ်မှူးများအနေနှင့် သံသယရှိသော စစ်သွေးကြွများကို ချေမှုန်းသုတ်သင်ရန် ခွင့်ပြုလိုက်ပြီးနောက် ယင်းအုပ်စုအပေါ် ထိုးစစ်များလည်း မြင့်တက်လာသည်။ 

အဆိုပါ ထိုးစစ်များအတွက် အမေရိကန်အိမ်ဖြူတော်၏ ခွင့်ပြုချက် တောင်းခံစရာမလိုဟု ထရမ့်က ဆိုထားသည်။ 

“လေကြောင်းထိုးစစ်က အယ်လ်ရှာဘတ်တွေရဲ့စွမ်းရည်ကို လျှော့ချပစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ အကွက်ချ လုပ်ဆောင်မှုမပြုနိုင်အောင် ဟန့်တားပစ်နိုင်တယ်။ သူတို့ခေါင်းဆောင်တွေ အချင်းချင်းဆက်သွယ်မှုတွေကို ဖြတ်တောက်နိုင်သလို ဒေသတွင်း ခြေကုပ်ယူသွားလာမှုတွေကိုလည်း လျော့ကျသွားအောင် လုပ်လိုက်နိုင်တယ်”ဟု အမေရိကန်စစ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အယ်လ်ရှာဘတ်အုပ်စုသည် ဆိုမာလီယာတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုများကို အကောင်အထည်ဖော်လျက်ရှိသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ခိုးယူသည်။ ဒေသခံပြည်သူများကို ဆက်ကြေးငွေတောင်းခံပြီး စစ်ဆင်ရေးများ ပြုလုပ်သလို အစွန်းရောက် အုပ်စုများကိုလည်း မွေးထုတ်လျက်ရှိသည်ဟု အာဖရိကဒေသ စစ်ရေးကွပ်ကဲမှုရုံး၏ ကြေညာချက်က ဆိုသည်။ 

ပြီးခဲ့သည့်သောကြာနေ့က ဆိုမာလီယာနိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်တစ်ခုကို အသေခံ အကြမ်းဖက်သမားတစ်ဦးက ဗုံးခွဲတိုက်ခိုက်ခဲ့ရာလူ ၁၆ ဦးသေဆုံးသွားသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် မိုဂါဒီရှူမြို့၌ ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုကြီးကြောင့် လူ ၅၀၀ ကျော်ခန့်သေဆုံးခဲ့ရမှု တစ်နှစ်ပြည့်သည့်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်းလည်းဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလက အာဖရိကဒေသ စစ်ရေးကွပ်ကဲမှုရုံးက အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များသည် ဆိုမာလီယာတွင် တိုက်ခိုက်ခံလာရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ 

F-01