News

POST TYPE

NEWS

ကမာရွတ် တီတီစီကျောင်းအုပ်ကို အပြစ်ရှိ၍ ပြောင်းခြင်းမဟုတ်ဟု အခြေခံညွှန်ချုပ်ပြော
17-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၇

ကမာရွတ် တီတီစီ ကျောင်းအုပ် ဒေါက်တာမိုးသူကို အထက(၇) မင်္ဂလာဒုံ ကျောင်းအုပ်အဖြစ် ပြောင်းခြင်းသည် အပြစ်ရှိ၍ မဟုတ်ဘဲ လိုအပ်ချက်အရ ပြောင်းခြင်းသာဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အောက်တိုဘာ ၁၇ ရက်တွင် The Voice သတင်းစာသို့ ပြောသည်။

“ဘာကြောင့် ပြောင်းရွှေ့တယ်ဆိုတာတော့ ပြောရခက်တယ်။ တစ်ခါတလေ လူကြီးတွေက ဒီနေရာမှာထားလို့ အဆင်မပြေဘူး။ အခြားနေရာရွှေ့မယ်ဆိုပြီး ဆုံးဖြတ်ပြီးရွှေ့တာ။ အပြစ်ရှိလို့ဆိုတာထက် လိုအပ်ချက်အရ ရွှေ့တာပါ။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

ထိုသို့ ပြောင်းရွှေ့ခြင်းသည် အခြေခံပညာ ဦးစီးဌာန၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှု ကော်မတီ၏ ဆုံးဖြတ်ခြင်းသာဖြစ်ပြီး နာမည်ကြီး ကျောင်းများတွင် ကျောင်းအုပ်တစ်ဦးတည်းကို နှစ်ရှည်ခန့်ထားလေ့မရှိဘဲ ပြောင်းပေးလေ့ရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ဒေါက်တာမိုးသူက “အပြစ်ပေးတာမဟုတ်ဘူး။ ရိုးရိုးပြောင်းရွှေ့တာလို့ ပြောတယ်။ အပြစ်ပေးတဲ့သူဆိုရင် နယ်ဝေးကို ပို့တာလို့ ပြောတယ်။ ရိုးရိုးပြောင်းတယ်ဆိုရင် အခု လူ ၁၀ ယောက် ခန့်လိုက်တာရှိတယ်။ အဲဒီလူတွေကို Presentation စစ်သလို ကျွန်မကိုလည်း လုပ်ပါ။ အရည်အချင်း ညံ့တယ်ဆိုရင် ကြိုက်တဲ့နေရာ ပို့တဲ့နေရာ သွားမယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ဒီလိုမျိုးလုပ်တာကိုတော့ လက်မခံဘူး“ဟု ပြောသည်။

ထိုသို့ ပြောင်းရွှေ့ခံရမှုသည် ဂုဏ်သိက္ခာညှိုးနွမ်းစေ၍ လက်ခံမည်မဟုတ်ဘဲ ကမာရွတ် တီတီစီကျောင်းတွင် လွတ်နေသော ဌာနမှူး (လေ့ကျင့်ရေး) ရာထူးကိုပေးရန် နိုင်ငံတော် အတိုင်ပင်ခံ၊ ပညာရေးဝန်ကြီး အဆင့်မြင့် ပညာဦးစီးဌာနသို့ အောက်တိုဘာ ၁၅ ရက် ရက်စွဲဖြင့် စာတင်ထားပြီး မရလျှင် အလုပ်မှ​နုတ်ထွက်မည်ဖြစ်ကြောင်း ၎င်းကု ပြောဆိုသည်။

J-19