News

POST TYPE

NEWS

ရွှေမော်ဓောစေတီ ဂေါပကအဖွဲ့ ပြန်ရွေးမည်
17-Oct-2018

တောင်ငူ၊ အောက်တိုဘာ ၁၆

ပဲခူးတိုင်းအရှေ့ခြမ်း ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော် ဂေါပကအဖွဲ့ကို အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ကြောင်း အဆိုပါစေတီ ဂေါပကအဖွဲ့ဝင် ဦးအောင်မြင့်က ပြောကြားသည်။

“တိုင်းအဆင့် ဘုရားစေတီတွေရဲ့ ဂေါပကအဖွဲ့တွေကို အစိုးရအဖွဲ့ကပဲ ကြီးကြပ်ပြီးဖွဲ့စည်းပေးတယ်။ တိုင်းအစိုးရက အသစ်ပြန်ဖွဲ့ဖို့ ညွန်ကြားထားတယ်ဆိုပေမယ့် ဘယ်ရက်အတိအကျလည်း မသိရသေးဘူး”ဟု ၎င်းက ပြောကြားသည်။

ယခုအသစ် ပြန်လည်ဖွဲ့စည်းမည့် ဂေါပကအဖွဲ့ကို တိုင်းအစိုးရအနေနှင့် မည်သို့ပြန်လည်ဖွဲ့စည်းမည်ကို သိရှိခြင်းမရှိသေးကြောင်း လက်ရှိဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။

ယင်းစေတီဂေါပကအဖွဲ့ကို အဖွဲ့ဝင် ၁၂ ယောက်၊ နာယက ၃ ယောက်ဖြင့်ဖွဲ့စည်းထားပြီး သုံးယောက်စီပါဝင်သည့်အဖွဲ့က အလှည့်ကျ တာဝန်ထမ်းဆောင်ရကြောင်း၊ လက်ရှိဂေါပကအဖွဲ့ကို ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်နေ့က ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်ပြီး မည်သည့်ပုံသဏ္ဌာန်ဖြင့် ပြန်လည်ဖွဲ့စည်းမည်ဆိုသည်ကို မသိရှိရသေးကြောင်း လက်ရှိဂေါပကအဖွဲ့ထံမှ သိရသည်။

“ခေတ်အဆက်ဆက် ဘုရားစေတီပုထိုးတွေမှာ ဂေါပကအဖွဲ့ရွေးချယ်တဲ့ ဥပဒေစည်းမျဉ်းတွေ ခိုင်ခိုင်မာမာမရှိဘူး။ ဆိုလိုတာက ဒီအဖွဲ့တွေဟာ ဘယ်လိုနည်းနဲ့ရွေးချယ်ရမယ်၊ ဘယ်လောက်သက်တမ်းရှိမယ်ဆိုတာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ ရှိစေချင်တယ်”ဟု ပဲခူးမြို့ခံ ဦးလင်းထင်က မှတ်ချက်ပြုပြောကြားသည်။ 

ရွှေမော်ဓောဘုရားကြီး သန့်ရှင်းရေးဝန်ထမ်းမှ အုပ်ချုပ်ရေးဝန်ထမ်းများ အားလုံးအတွက် တစ်လဝန်ထမ်းစရိတ်သည် ကျပ်သိန်းတစ်ရာကျော်ရှိပြီး တစ်နှစ်တာ အရပ်ရပ်ငွေရရှိမှုပမာဏသည် ကျပ်သိန်း ၅၀၀၀ နီးပါးရှိကြောင်း၊ စာရင်းသေအပ်ငွေနှင့် စာရင်းရှင်အပ်ငွေပေါင်းပါက ကျပ်သိန်ပေါင်းနှစ်သောင်းခွဲကျော်ရှိကာ အများဆုံးကုန်ကျစရိတ်မှာ စေတီကို ငါးနှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းဖြစ်ကြောင်း ရွှေမော်ဓောစေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။

R-15