News

POST TYPE

NEWS

ဆင်မုဆိုးအဖွဲ့ကို တိုက်ကြီးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီချမှတ်
17-Oct-2018

တိုက်ကြီး၊ အောက်တိုဘာ ၁၆

တိုက်ကြီးမြို့နယ်အတွင်း ဆင်မုဆိုး ၉ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်စီကျခံစေရန် ယင်းမြို့နယ်တရားရုံးက အောက်တိုဘာလ ၁၆ ရက်နေ့တွင် အမိန့်ချလိုက်ပြီဖြစ်သည်။

တိုက်ကြီးမြို့နယ် ချောင်းစောက်ကျေးရွာတောင်ဘက် ဥက္ကံချောင်းစပ်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ဥက္ကံချောင်းအတွင်း တောဆင်ရိုင်းတစ်ကောင် သေဆုံးမှုနှင့်ပတ်သက်၍ ဆင်သတ်အဖွဲ့တွင် ပါဝင်ပတ်သက်နေသူများအတွက် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ယင်းတရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

တိုက်ကြီးမြို့နယ်တရားရုံးက သဘာဝတောရိုင်းတိရစ္ဆာန်များနှင့် အပင်များကာကွယ်ရေး ဥပဒေပုဒ်မ ၃၇ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီ ကျခံစေရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယခုအမိန့်ချခံရသူများမှာ အသက် ၂၃ နှစ်မှ အသက် ၆၀ အရွယ်ထိပါဝင်သည့် အမျိုးသားကိုးဦးဖြစ်ကြောင်း၊ ၎င်းတို့အနက် အသက် ၅၀ အရွယ်ရှိပြီး ချောင်းစောက်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် ဦးသန်းလင်းမှာ သဘာဝတောရိုင်း တိရစ္ဆာန်များနှင့်အပင်များ ကာကွယ်ရေးဥပဒေပုဒ်မ ၃၇(က)/တရားမဝင်လက်နက်ကိုင်ဆောင်မှုပုဒ်မ ၁၉ (စ) တို့အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးနှစ်ခွဲကျခံရမည်ဖြစ်ကြောင်း တိုက်ကြီးမြို့နယ်တရားရုံး တာဝန်ရှိသူက ထပ်မံပြောဆိုသည်။ 

ယခုအမိန့်ချခံရသူ ၉ ဦးသည် တောဆင်ရိုင်းသတ်ဖြတ်မှုနှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ 

တိုက်ကြီးမြို့နယ်အတွင်း၌ တောဆင်ရိုင်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ တရားခံပြေးရှစ်ဦးရှိနေသေးကြောင်း အဆိုပါ တရားရုံးကထုတ်ပြန်ထားသော ဖမ်းဝရမ်းစာများအရ သိရသည်။

R-19