News

POST TYPE

NEWS

ဆန်၊ ပြောင်း ပမာဏတိုးတင်ပို့ခွင့်ရရန် တရုတ်အစိုးရနှင့်ညှိနှိုင်း
17-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၆

တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရသည့် ဆန်နှင့်ပြောင်း ဝေစုပမာဏ (Quota) ကို တိုးမြှင့်တင်ပို့ခွင့်ရရှိရန် တရုတ်အစိုးရနှင့် ညှိနှိုင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

၂၀၁၄ ခုနှစ်ကစတင်၍ တရုတ်နိုင်ငံမှ ဝန်ကြီးချုပ်လာရောက်စဉ် ဘိန်းအစားထိုး Quota စနစ်ဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန်တစ်သိန်း တရားဝင်တင်ပို့ရန် ခွင့်ပြုပေးခဲ့ပြီး ပြောင်းအစေ့ကိုလည်း တစ်နှစ်လျှင် တန်ချိန်ရှစ်သောင်းမှ တစ်သိန်းအထိ ဘိန်းအစားထိုး Quota စနစ်ဖြင့်ပင် တင်ပို့ခွင့်ပြုထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“နယ်စပ်တွေမှာ ဆန်နဲ့ပြောင်းကို ဘိန်းအစားထိုးသီးနှံအနေနဲ့စိုက်ပြီး ပမာဏအကန့်အသတ်နဲ့ တင်ပို့ခွင့်ပြုတာ။ အဲဒီပေးတဲ့ Quota ကို ပိုရအောင်တောင်းထားတာပါ။ အခုက ညှိတုန်းပဲရှိပါသေးတယ်” ဟု ဦးရန်နိုင်ထွန်းက ပြောဆိုသည်။

လက်ရှိတွင်လည်း တရုတ်နိုင်ငံတွင် လုံခြုံရေးတင်းကျပ်၍ အဖမ်းအဆီးများပြုလုပ်နေသောကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှစကာ ဆန်၊ သကြား၊ ပြောင်းတင်ပို့မှုများကို ရပ်ဆိုင်းထားရပြီး အဖမ်းအဆီးများ ပြုလုပ်နေသောကြောင့် ကုန်စည်များ တင်ပို့ခွင့်ရရှိရန် နှစ်လခန့်ကြာမြင့်နိုင်သည်ဟု မူဆယ်ရှိကုန်သည်များက ပြောကြားသည်။

တရုတ်နိုင်ငံသို့ ဆန်နှင့် ပြောင်းအစေ့တင်ပို့ရာတွင် တရုတ်နိုင်ငံက တရားဝင်သတ်မှတ်ထားသည့် အခွန်နှုန်းမှာ မြင့်မားနေသောကြောင့် တရားမဝင်တင်ပို့နေကြရခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းဖူးအစေ့အမှန်တကယ်တင်ပို့မှုမှာ တစ်နှစ်လျှင် အနိမ့်ဆုံးတန်ချိန် လေးသိန်းမှ အမြင့်ဆုံးတန်ချိန် ၁၂ သိန်းကျော်အထိ ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

“ဆန်၊ ပြောင်း၊ သကြားက တရားမဝင်ပို့နေရတာကြာပါပြီ။ နှစ်နိုင်ငံ ဘယ်လိုပဲညှိညှိ အဆင်မပြေကြဘူးဖြစ်နေတယ်။ ဒုံရင်းဒုံရင်းပဲ ဖြစ်နေတာ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေစေချင်တာပေါ့။ အဆင်ပြေမှလည်း ကုန်သွယ်မှုတိုးတက်မှာလေ”ဟု မူဆယ်မှ ကုန်သည်တစ်ဦးက ပြောဆိုသည်။

J-11