News

POST TYPE

NEWS

မွန်ပြည်နယ်တရားရုံးက ချမှတ်သည့်အမိန့်ကို မကျေနပ်၍ ဒေသခံများဆန္ဒပြ
17-Oct-2018


မော်လမြိုင်၊ အောက်တိုဘာ ၁၆

မွန်ပြည်နယ် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက် အမှတ် (၂) နယ်မြေရှိ သုဓမ္မဝတီ သီလရှင်စာသင်တိုက်မြေကိစ္စနှင့်ပတ်သက်၍ ပြည်နယ်တရားရုံးက ချမှတ်သည့် အမိန့်ကို မကျေနပ်သည့် ဒေသခံ ၅၀၀ ခန့်သည် အောက်တိုဘာလ ၁၆ ရက်နေ့က မော်လမြိုင်မြို့ပေါ်၌ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ 

“ဒီမြေက သာသနာပိုင်မြေဖြစ်နေတယ်၊ အလှူရှင်တွေကလည်း လှူထားပြီးပြီးသား၊ ဒါကို တစ်ဖက်က မကျေနပ်လို့ ရှေ့နေကနေ ပြည်နယ် (တရားရုံး) ကို ပြင်ဆင်မိန့်လာပြန်တောင်းတယ်၊ အဲဒီပြင်ဆင်မိန့်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ခေါ်မစစ်ဘဲ ပလပ်လိုက်တယ်၊ အခုလို မမှန်မကန်ဆုံးဖြတ်ချက်ချနေတာကို အမှန်တရားပေါ်ပေါက်ဖို့ဆိုပြီး ဆန္ဒပြရတာ”ဟု ဆန္ဒပြပွဲကိုဦးဆောင်သူ ဦးဝင်းနိုင်က ပြောကြားသည်။

ဆန္ဒပြပွဲကို မွန်ပြည်နယ်လွှတ်တော်ရုံး (သံလွင်ဥယျာဉ်ရှေ့) မှစ၍ ပြည်နယ် တရားရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ ခြင်းဖြစ်သည်။ 

“ပြည်နယ်အစိုးရကို ကျွန်တော်တို့ ဆန္ဒမပြချင်ဘူး၊ မမှန်မကန်ဆုံးဖြတ်ချက်ချလိုက်တဲ့ ဘာမှစစ်ဆေးမေးမြန်းခြင်း မလုပ်ဘဲ အမှုကိုပလပ်လိုက်တဲ့ ပြည်နယ် တရားရုံးကိုပဲ ဆန္ဒပြတာ”ဟု ဦးဝင်းနိုင်က ဆက်လက်ပြောဆိုသည်။

ဆန္ဒပြပွဲတွင် သုဓမ္မဝတီသီလရှင် စာသင်တိုက်သာသနာမြေ ပြန်လည်ရရှိ ရေး၊ မတရားသည့် တရားစီရင်မှုစနစ်ပပျောက်ရေး၊ လာဘ်ပေးလာဘ်ယူစနစ် ပပျောက်ရေး၊ ပြည်သူ့ဘဝလုံခြုံမှုကို အာမခံချက်ပေးနိုင်သည့် တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေး၊ တရားသူကြီးများ ကျမ်းကိုင်တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေး၊ မမှန်မကန်ဆောင်ရွက်သည့် တရားရေးဝန်ထမ်းများကို အရေးယူဆောင်ရွက်ရေး၊ အမျိုးဘာသာ၊ သာသနာဖျက်ဆီးသူတို့ ရန်သူဟူ၍ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ သီလရှင်စာသင်တိုက်နှင့် ပတ်သက်၍ တောင်းဆိုလာသည့်သက်သာခွင့် အဆိုလွှာသည် တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်သည့် အဆိုဖြစ်၍ ယင်းအဆိုကို ပြည်နယ်တရားလွှတ်တော်က ယခုနှစ် ဇွန်လ ၆ ရက်နေ့ကတည်းက ပယ်ချလိုက်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်တရားရုံးမှ ပြည်နယ်တရားရေးဦးစီးမှူး ဒေါကြည်ကြည်စိန်က ပြောကြားသည်။

“ဒီအမှုက သူတို့ (ဆန္ဒပြသူများ) အနေနဲ့ ထပ်ပြီး စွဲလို့မရတာတော့မဟုတ်ဘူး၊ ဒီအမိန့်ကိုမကျေနပ်ရင် အထက်ရုံးကို အဆင့်ဆင့်တက်လို့ရတယ်၊ ဒီအမှုကို လုံးဝပလပ်လိုက်တာမဟုတ်ဘူး။ သူတို့တောင်းဆိုတဲ့ သက်သာခွင့်အဆိုလွှာကို ပယ်လိုက်တာပဲရှိတာပါ” ဟု ၎င်းက ရှင်းပြသည်။

ပြည်နယ်တရားရုံးအနေနှင့် တရားလိုနှင့်တရားပြိုင် နှစ်ဖက်စလုံးကိုခေါ်၍ ကြားနာခဲ့ခြင်းဖြစ်ပြီး တစ်ဖက်သတ်အမိန့်ချမှတ်ခဲ့ခြင်းမဟုတ်ကြောင်းလည်း ဒေါ်ကြည်ကြည်စိန်က ဆက်လက်ပြောဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ တရားလိုများအဖြစ် ဒေါ်ခင်စောဝင်း၊ ဦးဝင်းနိုင်နှင့် ဒေါ်နှင်းဝေနိုင်၊ တရားပြိုင်များအဖြစ် ဒေါ်သန္တာစိုးနှင့် ဒေါ်ခင်မာချိုတို့ အမှုရင်ဆိုင်နေခြင်းဖြစ်သည်။

အမှုမူရင်းမှာ သထုံခရိုင်တရားရုံးက တရားမကြီးအမှု အမှတ် ၂၆/၂၀၁၇ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ပြီး ထိုအမှုကို တရားမကျင့်ထုံးဥပဒေအရ အမိန့်အမှတ် (၇)၊ နည်းဥပဒေ ၁၁ (က) အရ ပြည်နယ် တရားလွှတ်တော်ကအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်တရားရုံးထံမှ သိရသည်။

R-21