News

POST TYPE

NEWS

သရက်ချောင်း၌ ကျောင်းသား ၈ ဦး အပါအဝင် လူ ၁၃ ဦး မိုးကြိုးပစ်ခံရ
16-Oct-2018
ထားဝယ်၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တီတွတ်ပြင် အထက်တန်းကျောင်း (ခွဲ) ရှိ ကျောင်းသူ၊ ကျောင်းသား ၈ ဦးနှင့် မူလတန်းပြ ဆရာမတစ်ဦး အပါအဝင် လူ ၁၃ ဦး မိုးကြိုးပစ်ခံခဲ့ရကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

အောက်တိုဘာလ ၁၅ ရက် ညနေ သုံးနာရီခန့်တွင် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခြင်းကြောင့် ယင်းကျောင်းမှ ဆဋ္ဌမတန်းကျောင်းသူ ၄ ဦး၊ တတိယတန်းကျောင်းသူ ၃ ဦး၊ ပထမတန်းကျောင်းသား တစ်ဦးနှင့် မူလတန်းပြဆရာမတစ်ဦး မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကျောင်းသားများမှာ နှစ်ဝက်စာမေးပွဲ မြန်မာစာဖြေဆိုအပြီး နောက်တစ်နေ့တွင် ဖြေဆိုမည့် အင်္ဂလိပ်စာဘာသာအတွက် ကျောင်းဆောင်အတွင်း စာကျက်နေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း သရက်ချောင်း မြို့နယ်ပညာရေးမှူးကပြောသည်။

“စာကျက်နေတဲ့ကျောင်းသားက စုစုပေါင်း ဆယ့်ငါးယောက်လောက်ရှိတယ်။ အဲဒီအထဲကမှ ဒီကလေး  ၈ ယောက်နဲ့ ဆရာမကို စက်ကွင်းမိသလိုဖြစ်သွားတာပေါ့”ဟု ၎င်းကဆိုသည်။

မိုးကြိုးပစ်ခံရသည့် ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများကို သရက်ချောင်း မြို့နယ်ဆေးရုံကို ချက်ချင်း တင်ပို့ပေးထားပြီး စိုးရိမ်စရာမရှိကြောင်း သရက်ချောင်း မြို့နယ်ပညာရေးမှူးကပြောသည်။

စာမေးပွဲကိုလည်း ဆေးရုံတွင်ပင် ဆက်လက်ဖြေဆိုရန် မြို့နယ်ပညာရေးမှူးမှတစ်ဆင့် မိုးကြိုးပစ်ခံရသည့်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးကို ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူကပြောသည်။

ယင်းကျောင်းသူ၊ ကျောင်းသား ၈ ဦးနှင့် ဆရာမအပြင် ယင်းကျောင်းအနီးအနားတွင်နေထိုင်သည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးမှာလည်း မိုးကြိုးပစ်ခံရသည့်ထဲတွင်ပါဝင်ကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးက ပြောသည်။

မိုးကြိုးပစ်ခံရသူအားလုံးမှာ အသက်အန္တရာယ်မစိုးရိမ်ရဘဲ ထိခိုက်ဒဏ်ရာအနည်းငယ်စီသာရရှိကြကြောင်း မြို့နယ်ပညာရေးမှူးက ပြောသည်။

ရာသီဥတု အကူးအပြောင်းကာလတွင် လျှပ်စစ်မိုးတိမ်တောက်များ ရုတ်တရက် ဖြစ်ပေါ်လာပြီး မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားလေ့ရှိတတ်ကြောင်း တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်ကပြောသည်။

“မိုးကြိုးလိုမျိုး သဘာဝဘေးတွေနဲ့ပတ်သက်ပြီး ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကိုရော၊ ကျောင်းသူ၊ ကျောင်းသားတွေကို အသိပညာ များများပေးဖို့ လိုအပ်တယ်”ဟု ဦးဟန်ဝင်းအောင်ကဆိုသည်။

တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်က မိုးကြိုးပစ်ခံရခြင်းကြောင့် လူလေးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့ဖူးသည်။

Dawei Watch