News

POST TYPE

NEWS

တပ်မတော်ကိုထောက်ခံ ဝါဒဖြန့်နေသော facebook စာမျက်နှာများကို ထပ်မံဖျက်သိမ်း
16-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၆

မြန်မာနိုင်ငံမှ တပ်မတော်ကို ဝါဒဖြန့်ပေးကာ၊ အခြားအင်အားစုများကို အပုပ်ချနေသည်ဟု ယူဆရသော facebook စာမျက်နှာများ၊ အသုံးပြုနေသည့် profile များစွာကို ထပ်မံပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း facebook က ထုတ်ပြန်ထားသည်ဟု CNBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

စာမျက်နှာအတုများဖြင့် သွေးထိုးလှုံ့ဆော် နာမည်ဖျက်နေသူများကို လိုက်လံပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကို အလွဲသုံးစားလုပ်တဲ့သူတွေအတွက် ပိုပြီးခက်ခဲသွားအောင် ကျွန်တော်တို့က လုပ်မှာဖြစ်ပါတယ်။ သူတို့ရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းကာ အရေးယူမှာ ဖြစ်ပါတယ်”ဟု facebook က ၎င်းတို့၏ blog post တစ်ခုတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် facebook ပေါ်၌ စာမျက်နှာအတုများဖြင့် အသုံးပြုနေသည့် page ၁၃ခုနှင့် accounts ၁၀ ခုတို့ကို ဖယ်ရှားလိုက်ပြီဟု ကုမ္ပဏီက ဆိုသည်။ 

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အချို့သောအုပ်စုများသည် လူမှုကွန်ရက်ကို အသုံးပြုကာ ဝါဒဖြန့်ခြင်းများ၊ သတင်းတုသတင်းမှားများတင်ခြင်း၊ ရွေးကောက်ပွဲများကို ဝင်ရောက်လွှမ်းမိုးရန်ကြိုးစားခြင်းနှင့် မတူညီသော ယဉ်ကျေးမှုအုပ်စုများကို အမုန်းပွါးစေရန် ရေးသားခြင်းများ ရှိခဲ့သည်။ 

မူရင်းသတင်း၏ အသုံး ရိုဟင်ဂျာ၊ ပြည်တွင်း လူများစုအခေါ် ဘင်္ဂလီများကို ပစ်မှတ်ထားသည့် အွန်လိုင်း လှုပ်ရှားမှုများအတွက် facebook ကို အသုံးပြုကြောင်း စစ်တပ်အရာရှိဟောင်းများ၊ သုတေသီများ၊ အရပ်သားအရာရှိများကို ကိုးကားလျက် New York Times က ရေးသားထားသည်။ 

မွတ်ဆလင်ဆန့်ကျင်ရေးများ ရေးသားဖြန့်ချီနေသူများသည် သာမန်လူမှုကွန်ရက်အသုံးပြုသူများသာ မဟုတ်ဘဲ စစ်တပ်မှ အဖွဲ့ဝင်များဖြစ်ကြောင်း အမည်ဖော်ပြမထားသော ၎င်းတို့၏ သတင်းရင်းမြစ်များကို ကိုးကားလျက် New York Times က ရေးသားဖော်ပြထားသည်။

နေပြည်တော်တွင် အခြေစိုက်ထားသော တပ်ဖွဲ့ဝင်များ၏ လူမှုကွန်ရက်အဖွဲ့များသည် လျို့ဝှက်စွာဖြင့် လုပ်ငန်းဆောင်ရွက်နေကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။ 

မီးထိုးပေးသော မှတ်ချက်များ၊ လူမှုကွန်ရက်မီဒီယာ တင်ပြချက်များကို ဖြစ်စေသည့် စာမျက်နှာများတွင် ဖျော်ဖြေရေး၊ အလှအပရေး၊ သတင်းအချက်အလက်များ ဖော်ပြသည့် facebook account များ ဖန်တီးသည့် လှုပ်ရှားမှုများရှိသည်ဟု အဆိုပါသတင်းက ဖော်ပြထားသည်။ 

တိုင်းပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်စေရန် ကျူးလွန်စေရန်အတွက် ၎င်းတို့၏ ဝန်ဆောင်မှုများကို အသုံးပြုနေသည့် အဖွဲ့အစည်းများ၊ တစ်ဦးတစ်ယောက်ချင်းများကို ကာကွယ်မည်ဟု facebook က ကြေညာထားသည်။ 

F-02