News

POST TYPE

NEWS

ရန်ကုန်မြို့လယ် ယာဉ်ကြောရှင်းလင်းရေးစီမံကိန်း ယနေ့စတင်
16-Oct-2018



ရန်ကုန်၊ အောက်တိုဘာ ၁၆

ရန်ကုန်မြို့လယ် ဆူးလေကားမှတ်တိုင်တွင် ဘတ်စ်ကားများ စည်းကမ်းတကျရပ်ရန်နှင့် ယာဉ်ကြောပိတ်မှုလျှော့ချနိုင်ရန် ယာဉ်ကြောရှင်းလင်းရေးဆိုင်ရာ အသေးစားစီမံကိန်းကို ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ယနေ့ စတင်ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဆူးလေမှတ်တိုင်တွင် ဘတ်စ်ကားများကို တက်ရမည့်နေရာနှင့်ဆင်းသည့်နေရာ သပ်သပ်စီခွဲခြားပေးပြီး လူအဆင်းနေရာတွင် လူချပေးပြီးပါက ခရီးသည်တင်ရမည့်သတ်မှတ်နေရာတွင်သာ ခရီးသည်တင်ဆောင်ရမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“JICA ကစတင်ပြီးတော့ ဘတ်စ်ကားမှတ်တိုင်တွေမှာ ယာဉ်များချောမွေ့စွာ သွားလာနိုင်ဖို့နဲ့ လမ်းလျှောက်သူ ပြည်သူများလုံခြုံမှုရှိစေဖို့ ဒီပရောဂျက်ကို စလုပ်တာပါ။ ပထမအဆင့်အနေနဲ့ ဘတ်စ်ကားတွေရပ်တာက စည်းကမ်းမရှိလို့ ပထမအဆင့်နဲ့ ယာဉ်ကြောပိတ်ဆို့မှုကို အဆင်ပြေအောင်လုပ်တာပါ”ဟု ၎င်းက ရှင်းပြသည်။

ဆူးလေဘတ်စ်ကားမှတ်တိုင်တွင် ယာဉ်ကြောဆိုင်ရာ စီမံခန့်ခွဲမှုမရှိသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ လမ်းလျှောက်နေပြည်သူများ လုံခြုံမှုမရှိသည်ကိုတွေ့ရသောကြောင့် ယင်းစီမံကိန်းကို စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ယာဉ်ကြောသတ်မှတ်ချက်များနှင့် ရပ်တန့်ရမည့် မှတ်တိုင်တွေကိုလည်း နောက်ပိုင်းတွင် တိုးချဲ့သွားမည်ဖြစ်ကြောင်း အဆိုပါအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ဆူးလေမှတ်တိုင်တွင် YBS ယာဉ်လိုင်းများဖြစ်သည့် YBS ၄၊ ၇၊ ၅၇၊ ၇၂ နှင့် ၈၉ ယာဉ်လိုင်း ၅ လိုင်းပြေးဆွဲနေပြီး နေ့စဉ် တစ်နာရီအတွင်း ဘတ်စ်ကားအစီးရေ ၁၀၀ ကျော် ရပ်တန့်သည်မှတ်တိုင်ဖြစ်သည်။

J-10