News

POST TYPE

NEWS

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံပညာရှင်များတွင် ကြီးမားသည့် နိုင်ငံရေးအစီအစဉ် ရှိနေသည်ဟု ထရမ့်ဝေဖန်
16-Oct-2018



ဝါရှင်တန်၊ အောက်တိုဘာ ၁၅ 

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က ရာသီဥတုပြောင်းလဲနေမှုကို လက်ခံကြောင်း၊ သို့သော် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လေ့လာသူသိပ္ပံပညာရှင်များတွင် နိုင်ငံရေးအစီအစဉ်များရှိနေကြောင်း ထုတ်ဖော်ဝေဖန်လိုက်သည်။

ထရမ့်က ထိုသို့ ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်များတွင် နိုင်ငံရေးအာဂျင်ဒါရှိနေသည်ဟု စွပ်စွဲလိုက်ပြီး ကမ္ဘာကြီး၏ အပူချိန်များမြင့်တက်လာမှုသည် လူသားများကြောင့်ဖြစ်သည်ဟူသော အချက်အပေါ် သံသယရှိကြောင်း ထုတ်ဖော်အသိပေးလိုက်သည်။ 

“သိပ္ပံပညာရှင်တွေမှာ အင်မတန်ကြီးမားတဲ့ နိုင်ငံရေးအစီအစဉ်တစ်ရပ်ရှိနေတယ်”ဟု သမ္မတထရမ့်က ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သက်၍ ဝေဖန်သည်။ 

“ရာသီဥတုပြောင်းလဲမှုဟာ လှည့်ဖြားထားတဲ့ကိစ္စလို့တော့ မထင်ပါဘူး။ ခြားနားချက်တစ်ခုခု ရှိနေမယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ဗျာ ဒါဟာ လူတွေလုပ်လို့ဖြစ်တာလားဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်ပြောမယ်၊ ဒေါ်လာ ထရီလီယံပေါင်းများစွာ မပေးချင်ဘူးဗျာ။ အလုပ်အကိုင်သန်းပေါင်းများစွာ ဆုံးရှုံးရတာမျိုးလည်းမဖြစ်ချင်ဘူး”ဟု သမ္မတ ထရမ့်က ဆိုသည်။ 

အပူချိန်သည် ပြန်လည်ကျဆင်းသွားနိုင်သည်ဟု ၎င်းကဖြည့်စွက်ပြောဆိုသည်။ သို့သော် မည်သို့မည်ပုံ ကျဆင်းသွားမည်ဟူသောအချက်ကို မပြောပေ။ 

CBS ရုပ်သံနှင့် အင်တာဗျူးတစ်ခုတွင် သမ္မတထရမ့်က ရာသီဥတုပြောင်းလဲမှုကိစ္စနှင့်ပတ်သက်၍ ထိုသို့သုံးသပ်ခြင်းဖြစ်သည်။ ထိုသို့ သမ္မတထရမ့်က သိပ္ပံပညာ ရှင်များအပေါ် ဝေဖန်မှုမပြုမီ ငါးရက်ခန့်က သိပ္ပံပညာရှင်များက ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနှင့်ပတ်သက်၍ နောက်ဆုံးသတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ 

ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်ကြီးများက ရာသီဥတုပြောင်းလဲမှုဟူသည်မှာ လူသားတို့ကြောင့်ဖြစ်သည် ဟူသောအချက်ကို သဘောတူညီကြသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်လာသော Intergovernmental Panel on Climate Change (IPCC) ၏ အစီရင်ခံစာတွင် ကမ္ဘာကြီး၏ အပူချိန်သည် ၃ ဒီဂရီစင်တီဂရိတ် မြင့်တက်လာမည့် အနေအထားတွင်ရှိနေကြောင်း သတိပေးထားသည်။ 

IPCC ၏ အစီအရင်ခံစာကမူ အကယ်၍ ကမ္ဘာကြီးက ကြီးမားပြီး ကုန်ကျစရိတ်များပြားမည့် အပြောင်းအလဲများကို လုပ်မှသာ ရာသီဥတုပြောင်းလဲမှုကို ရပ်ဆိုင်းပစ်နိုင်မည်ဖြစ်သည်ဟုဆိုထားသည်။ 

၂၀၃၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ထုတ်လုပ်မှုကို ၄၅ ရာခိုင်နှုန်းအထိလျှော့ချခြင်း၊ ကျောက်မီးသွေးသုံးစွဲမှု လျှော့ချခြင်း စသည့်အပြောင်းအလဲများကို IPCC ၏ အစီရင်ခံစာက ဆိုလိုခြင်းဖြစ်သည်။ 

အကယ်၍ ယင်းသို့ ကြီးမားသော အပြောင်းအလဲများ မလုပ်ဆောင်ဘဲနေမည် ဆိုပါက ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်ခြင်း၊ သမုဒ္ဒရာမျက်နှာပြင်အပူချိန်ပြောင်းလဲခြင်း၊ စပါး၊ ပြောင်း၊ ဂျုံစသည့် ကောက်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများထိခိုက်ပျက်စီးခြင်း စသည်တို့နှင့် ကြုံတွေ့လာရနိုင်သည်ဟု သတိပေးထားသည်။

ဒေါ်နယ်ထရမ့်သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ရာသီဥတုပြောင်းလဲမှုကိစ္စသည် လှည့်စားမှုတစ်ရပ်သာဖြစ်သည်ဟုဆိုခဲ့သည်။ သို့သော် ၎င်းသည် သမ္မတဖြစ်လာပြီးကတည်းက အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသော ရပ်တည်ချက်မျိုး ထုတ်မပြဘဲနေခဲ့သည်။

F-01