News

POST TYPE

NEWS

တိုင်းအစိုးရ၏ ကျောင်းကားပြေးဆွဲမည့် အစီအစဉ်ကို ရန်ကုန်ကျောင်းကားအသင်းနှင့် ကျောင်းကားပြေးဆွဲသူများ လက်မခံ
16-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၅ 

ရန်ကုန်တိုင်းအစိုးရ၏ School Bus ကျောင်းကားပြေးဆွဲမည့် အစီအစဉ်ကို ရန်ကုန်ကျောင်းကားအသင်းနှင့် ကမာရွတ်နှင့် ရန်ကင်း TTC မှ ကျောင်းကား ပြေးဆွဲသူများ လက်မခံကြောင်း ရန်ကုန်ကျောင်းကားအသင်းနှင့် ကျောင်းကားပြေးဆွဲသူများထံမှ သိရသည်။

“TTC မှာ ကျောင်းကား ၇၀ စပြေးဆွဲတုန်းက မူလ ကျောင်းကား ပြေးဆွဲနေသူ အယောက် ၅၀ ယောက်က အလုပ်လက်မဲ့ဖြစ်သွားတယ်။ အစီး ၁၃၀ ထပ်ပြေးဆွဲရင် ဒီကလူတွေအားလုံး ထမင်းငတ်သွားမယ်။ ၁၃၀ ဆွဲမယ့်သူတွေ က ပုဂ္ဂလိကလုပ်ငန်းရှင်တွေလို ဝန်ဆောင်မှုပေးနိုင်မှာ မဟုတ်ဘူး။ ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းနဲ့ပဲ ထားမှာ။ ကျောင်းကြီး ၁၈ ကျောင်းရှိတယ်။ ခေါ်ယူတွေ့ဆုံပြီး တစ်ကျောင်းဆယ်စီး ဝေပေးလိုက်ရင် ၁၈ ကျောင်းဆို အစီး ၁၈၀ ကိစ္စပြတ်သွားမယ်။ အခုက TTC ကျောင်းက ၇၀ ယူပြီးပြီ။ နည်းနည်းတော့ လွန်နေပြီ။ အကုန်လုံးကို TTC တစ်ခုတည်းမှာပဲ ဦးကျော်ဝင်းက ဆွဲမယ်လုပ်တာ။ ဦးကျော်ဝင်းအယူအဆတွေ မှားနေပါတယ်” ဟု ရန်ကုန်ကျောင်းကားအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ကမာရွတ်နှင့် ရန်ကင်း TTC ကျောင်းများတွင် ကျောင်းကား ၁၃၀ ပြေးဆွဲပါက လက်ရှိပြေးဆွဲနေသည့် ကျောင်းကားအစီး ၂၅၀ မှာ ပြုတ်သွားမည်ဖြစ်သောကြောင့် အဆင်မပြေနိုင်ကြောင်း TTC တွင် ကျောင်းကားပြေးဆွဲနေသူ ဦးသက်နိုင်ဦးက ပြောကြားသည်။

“ရန်ကင်းနဲ့ ပြည်လမ်း TTC ကျောင်းကားပြေးဆွဲသူတွေ ဦးဆောင်ပြီး ရန်ကုန်ကျောင်းကားအသင်းကို ဖွဲ့စည်းထားတယ်။ ဒီ School Bus တွေ စတင်ပြေးဆွဲတုန်းက အခက်အခဲတွေ ရင်ဆိုင်ရတယ်။ အခု သူတို့ရောင်းတဲ့ ဈေးနှုန်းကမြင့်တော့ မဝယ်နိုင်တော့ လက်ရှိကားတွေ ပြေးဆွဲပေးဖို့ တောင်းဆိုတော့ တစ်နှစ်ရတယ်။ ဒီကားတွေ ရောက်လာတော့ အစီး ၃၀၀ လောက် ပြေးဆွဲနေရာကနေ အစီး ၂၅၀ ဖြစ်တဲ့အပြင် ကလေးတွေကလည်း အဲဒီကားပေါ် ရောက်သွားတော့ ဝင်ငွေတွေလျော့တယ်။ အခုရွှေသံလွင်က ထပ်ဝယ်ထားတဲ့ကားတွေကို TTC မှာ ထပ်ဆွဲမယ်ဆိုတော့ မိသားစုဒုက္ခရောက်မှာပါတယ်။ TTC မှာ အဖွဲ့တွေရှိတာ ရွှေသံလွင်က ခေါ်ယူတွေ့ဆုံမှုလည်း မရှိဘူး။ အခြေခံက လူတွေနဲ့ သွားတွေ့တယ်။ နောက်ထပ် ကျောင်းကားတွေကို မြို့ထဲကျောင်းတွေပေးမယ်ဆိုရင် ဒီစနစ်က အဆင်ပြေမှာပါ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝယ်ယူထားသော ကျောင်းကား အစီး ၂၀၀ အနက်မှ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ကမာရွတ်တွင် ၂၉ စီး၊ ပညာရေးကောလိပ် လေ့ကျင့်ရေးသင်တန်းကျောင်း ရန်ကင်းတွင် ၂၇ စီး၊ စုစုပေါင်း ၅၆ စီးနှင့် အရန်ယာဉ်အဖြစ် ၉ စီး၊ ၆၅ စီးကို ကျောင်းနှစ်ကျောင်းကိုသာ ပြေးဆွဲပေးလျက်ရှိနေကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာလ ၅ ရက်က ရန်ကုန်တိုင်းလွှတ်တော်၌ ဖြေကြားထားသည်။

“ရန်ကုန်တိုင်း ကျောင်းကားတွေကို ရွှေသံလွင် ဦးကျော်ဝင်းက လွှဲယူမယ်ဆိုပြီး နှစ်ခါခေါ်တယ်။ နှစ်ခါခေါ်တဲ့အခါမှာ ရန်ကုန်ကျောင်းကားအသင်းကိုလည်း မဆက်သွယ်ဘူး။ ကြားထဲက ရန်ကုန်ကျောင်းကားအသင်းနဲ့ မဆိုင်တဲ့သူတွေနဲ့ ဆက်သွယ်ပြီး ပြည်သူလူထုနဲ့ တွေ့ထိတဲ့ပွဲလုပ်တယ်။ ရန်ကုန်ကျောင်းကားအသင်းက အစိုးရရဲ့ ကျောင်းကားဆိုင်ရာ မူဝါဒကို ကူညီဖို့လုပ်တာပါ” ဟု ရန်ကုန်ကျောင်းကားအသင်းမှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

ကမာရွတ်နှင့် ရန်ကင်း TTC ကျောင်းများတွင် ဇွန်လမှ စတင်ကာ School Bus ၆၅ စီးကို ပြေးဆွဲနေပြီး ၂၈ ယောက်စီး School Bus နှင့် ၁၅ ယောက်စီး School Ferry များ၏ ကျောင်းကားဖယ်ရီခ ဈေးနှုန်းတွေက ၃ သောင်းကနေ ၅ သောင်းခွဲအထိ ဈေးနှုန်းရှိကြောင်း ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်) ကျောင်းအုပ်ဆရာမ ဒေါက်တာမိုးသူက ပြောကြားသည်။

“ကျွန်မတို့ကျောင်းမှာ ကျောင်းသား ၇၀၀၀ ရှိတယ်။ School Bus ကားက ကြီးတဲ့အတွက် လမ်းမတန်းမှာ ရပ်တယ်။ ကားအသေးတွေ School Ferry က အိမ်တိုင်ရာရောက် လိုက်ကြိုတယ်။ ကျွန်မက အားလုံးရဲ့ အချုပ်ဖြစ်တဲ့အတွက် အစီး ၇၀ ကို လက်မှတ်ထိုးပေးပြီးတော့ လိုင်စင်လျှောက်ဖို့ လုပ်ပေးလိုက်ရတယ်။ နောက်ထပ် ကျန်တဲ့ ကားအစီးနှစ်ရာအတွက်လည်း တစ်နှစ်ငှားရမ်းဖို့ လက်မှတ်ထိုးပေးထားပါတယ်။ မြောက်ဥက္ကလာမှာ အစီး ၃၀ ထပ်မံ ပြေးဆွဲဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်အစိုးရအဖွဲ့ လက်အောက်ရှိ YRTA အဖွဲ့ထံမှ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းကို ကျောင်းကားအစီးနှစ်ရာ ဝယ်ယူရန် လွန်ခဲ့သည့် နှစ်လကျော်က ကမ်းလှမ်းခဲ့ကြောင်း အောက်တိုဘာလ ၇ ရက်က ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex ၌ ပြုလုပ်သည့် ကျောင်းကား အများပိုင်ကုမ္ပဏီဖွဲ့စည်းရေးအတွက် တွေ့ဆုံညှိနှိုင်းပွဲတွင် ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားပြီး ရက်ပိုင်းအကြာတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် School Bus အစီး ၁၃၀ ကို နှစ်လအတွင်း (ကမာရွတ်) ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းနှင့် (ရန်ကင်း) ပညာရေးကောလိပ်လေ့ကျင့်ရေး သင်တန်းကျောင်းများတွင် ထည့်သွင်းပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ကျောင်းကားအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ School Bus ၁၃၀ စီးကို ရန်ကုန်မြို့ရှိ ကျောင်းသားထောင်ကျော်ရှိသည့် ကျောင်းပေါင်း ၁၈ ကျောင်းသို့ ခွဲဝေသုံးစွဲခိုင်းပါက လက်ရှိပြေးဆွဲနေသည့် ကျောင်းကားလုပ်ငန်းရှင်များအနေနှင့် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

J-10