News

POST TYPE

NEWS

နှစ်လကြာဖမ်းဆီးထားသည့်ရှမ်းအမျိုးသမီးကို TNLA ပြန်လွှတ်ပေး
15-Oct-2018


နန်းမိုဟွမ်အား ပြန်လွှတ်ပေးရန် နမ့်ခမ်းမြို့ ခံများက စက်တင်ဘာလအတွင်းတွင် TNLA ကို ဆန္ဒပြနေစဉ် (ဓာတ်ပုံ - နမ့်ခမ်းမြို့ ခံတစ်ဦး)

အရပ်သားအမျိုးသမီးကို ဖမ်းခဲ့ပြီးနောက် ဖိအားများ အပြင်းအထန် ရင်ဆိုင်ခဲ့ရသည့် TNLA သည် နောက်ဆုံးတွင် ပြန်လွှတ်ပေးရန် သဘောတူခဲ့သည်။

(ရန်ကုန်) - ဆက်ကြေးကောက်သည်ကို အစိုးရထံတိုင်ကြားသည်ဟုစွပ်စွဲပြီး နှစ်လနီးပါး ဖမ်းဆီးထားခဲ့သည့် ရှမ်းအမျိုးသမီးကို တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့ TNLA က ယနေ့တွင်ပြန်လွှတ်ပေးလိုက်သည်။

နန်းမိုဟွမ်အား ပြန်လွှတ်ပေးရန်ကြားဝင်တောင်းဆိုနေသည့် TNLA အဖွဲ့၏ မဟာမိတ် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA လက်ထဲသို့ ယနေ့ နေ့လယ် ၁၂နာရီခန့်တွင် လွှဲပြောင်းပေးလိုက်ကြောင်း TNLA ပြောခွင့်ရအရာရှိ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

“ဒီဒေသမှာက ရှမ်းနဲ့ တအာင်းတွေက ရောလျှက်ပြီးနေကြတာဆိုတော့ အားလုံးရဲ့ ချစ်ကြည်မှုကို ဦးတည်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာပါ”ဟု ၎င်းကဆိုသည်။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် ကုန်မာဆိုင်ရှင် နန်းမိုဟွမ်သည် ဩဂုတ်လ ၁၇ ရက်က သူ၏ နေအိမ်တွင်ရှိနေစဉ် TNLA တပ်သားများက လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

TNLA က “အခွန်”ဟု သတ်မှတ်သည့် ဆက်ကြေးကောက်ခံမှုကို အစိုးရထံ တိုင်ကြားခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် TNLA လက်နက်ကိုင်အဖွဲ့၏ သီးခြားဥပဒေ ရာဇသတ်ကြီးပုဒ်မ (၃၃၃)ဖြင့် တရားစွဲဆိုခဲ့ပြီး ယခုလဆန်းပိုင်းက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

TNLA သည် အသက် ၃၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် နန်းမိုဟွမ်အား ဖမ်းဆီးခဲ့ပြီးနောက် မြို့ လုံးကျွတ် ဆန္ဒပြမှုမျာ၊ မြန်မာအစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တို့၏ ဖိအားပေးမှုများ အပြင်းအထန်ခံခဲ့ရသည်။

နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် တိုင်းရင်းသားလက်နှက်ကိုင်များ စုဖွဲ့ထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရုံးစိုက်ရာ “၀” ဒေသ၊ ပန်ခမ်းမြို့တွင် နန်းမိုဟွမ်၏ မိသားစုဝင်၊ နမ့်ခမ်းမြို့နယ် လူမှုကူညီရေးအသင်းမှ ကိုယ်စားလှယ် လေးဦးနှင့် TNLA တို့သည် အောက်တိုဘာလ ၉ ရက်တွင် ဆွေးနွေးခဲ့ကြပြီးနောက် ပြန်လွှတ်ပေးရန် TNLA က သဘောတူခဲ့သည်။

နှစ်လကြာ ဖမ်းဆီးခံပြီးနောက် မကြာခင် နေအိမ်ပြန်လည်ရောက်ရှိလာမည့် သူ၏ညီမအတွက် မိသားစုက ၀မ်းသာနေကြောင်း နန်းမိုဟွမ်၏ အမကဆိုသည်။

“လွှတ်ပြီဆိုတာသိရတော့ ၀မ်းသာပါတယ်။ စောင့်နေတုန်းပဲ။ အခုကတော့ အိမ်မရောက်သေးဘူး”ဟု ယနေ့ မွန်းလွဲ ၃ နာရီခန့်က နန်းမိုခမ်းက ပြောသည်။

နန်းမိုဟွမ်အား ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ တာဝန်ရှိသူတချို့၊ နမ့်ခမ်းလွှတ်တော်ကိုယ်စားလှယ်နှင့် ဆွေမျိုးများက သွားရောက်ခေါ်ယူခဲ့ပြီး နမ်းမိုဟွမ်၏ဇာတိ နမ့်ခမ်းမြို့ မှ မိုင်၂၀၀ ကျောင်ဝေးသည့် SSPP/SSA ဌာနချုပ်ရှိရာ ၀မ့်ဟိုင်းကို ခေါ်ယူသွားသည်ဟု နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီပေးသူ ကိုစိုင်းသိန်းရွှေက ပြောသည်။

သို့သော် မည်သည့်နေရာတွင် သွားရောက်ခေါ်ယူခဲ့သည်ဆိုသည်ကို ဖြေကြားရန်ငြင်းဆန်ခဲ့သည်။

အောင်ငြိမ်းချမ်း/Myanmar Now