News

POST TYPE

NEWS

ဖုယွင်စက်ရုံကိစ္စ ရဲတပ်ဖွဲ့ထုတ်ပြန်ချက် မှားယွင်းဟု အလုပ်သမားသမဂ္ဂဆို
15-Oct-2018


ရန်ကုန်၊အောက်တိုဘာ ၁၅

ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ဖုယွင်စက်ရုံမှ အလုပ်သမားအချင်းချင်း စကားများရာမှ ရန်ပွဲဖြစ်ခဲ့သည်ဆိုသည့် ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ဖုယွင်စက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက ပြောကြားသည်။

စက်ရုံအနောက်ဘက် အုတ်တံတိုင်းအပေါက်မှ အလုပ်ဆင်းနေသည် အလုပ်သမားများနှင့် ဆန္ဒပြ အလုပ်သမားများကြား အချင်းများ၍ ရန်ပွဲဖြစ်ပွားခဲ့ကြောင့် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ ရက်မွန်းလွဲ ၃ နာရီခွဲက ထုတ်ပြန်ခဲ့သည်။

“ကျွန်မတို့ အမျိုးသမီးတွေ စက်ရုံနောက်က သပိတ်စခန်းမှာ ထိုင်နေတုန်း တုတ်တွေကိုင်ထားတဲ့ အမျိုးသားတွေက ၀င်ရိုက်ကြတာပါ။ အလုပ်သမား အချင်းချင်း စကားများတာ မဟုတ်ပါဘူး။ စက်ရုံက ခိုင်းထားတဲ့သူတွေပါ”ဟု ၎င်းကဆိုသည်။

ထုတ်ပြန်ချက်တွင် အလုပ်ဆင်းနေသည့် အလုပ်သမားများကို သပိတ်နှင့်ပူးပေါင်းရန်နှင့် အလုပ်ရှင်ဖြင့် ပူးပေါင်းခြင်း မပြုလုပ်ရန် ဟောပြောခြင်း၊ ကြွေးကြော်သံများ ပြုလုပ်ခဲ့သဖြင့် ရုန်းရင်ဆန်ခက်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒဂုံဆိပ်ကမ်း ရဲစခန်းကို The Voice က ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူက “အခုထိ ဆောင်ရွက်နေတယ်။ လုံခြုံရေး ယူထားတယ်။ အမှုကတော့ မဖွင့်ရသေးဘူး”ဟု ဆိုသည်။

လတ်တလော ရိုက်နှက်ခံနေသည့်အလုပ်သမားများ နစ်နာမှုကို တရားစွဲမည်ဖြစ်ကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မြင့်က ပြောကြားသည်။