News

POST TYPE

NEWS

ခရီးသည်တင်ရေယာဉ်များ အထပ်မြင့် အထူးတန်းအခန်း တပ်ဆင်ပြေးဆွဲခြင်းမပြုရန် တားမြစ်
15-Oct-2018

ကလေး၊ အောက်တိုဘာ ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ်များ၌ အထပ်မြင့် အထူးတန်းအခန်း တပ်ဆင်ပြေးဆွဲသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မုံရွာ) ထံမှ သိရသည်။ 

မုံရွာမြို့မှ ခန္တီးမြို့အထိ မြစ်ရိုးတစ်လျှောက် ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ်များတွင် ပြန်လည်တပ်ဆင်ထားသည့် Upper Room အထူးတန်း အထပ်မြင့်တွင် ခရီးသည်များတင်ဆောင်၍ ခရီးစဉ်ပြေးဆွဲခြင်း မပြုရန်နှင့် ညွန်ကြားချက်ကို လိုက်နာမှုမရှိကြောင်းတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်သည်ဟု ရေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက စာထုတ်ညွှန်ကြားထားခြင်းဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။ 

အမြန်ရေယာဉ်များတွင် ခရီးသည်များ၊ သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများနှင့် ကိုယ်ဝန်ဆောင်သည်များ အဆင်ပြေစွာ လိုက်ပါနိုင်ရန်အတွက် ပင်မကုန်းပတ် (သို့မဟုတ်) လှိုင်းကာ အမြင့်၌ အခင်းခင်း၍ သီးသန့်အခန်း (သို့မဟုတ်) ဟောခန်းတပ်ဆင်ရန် ရေယာဉ်တစ်စင်းချင်းအလိုက် တည်ငြိမ်မှုတွက်ချက်မှုပေါ် မူတည်၍သာ ခွင့်ပြုထားခြင်းဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အထပ်မြင့် အထူးခန်းများ တပ်ဆင်ထားခြင်းကြောင့် ရေယာဉ်မောင်းနှင်ရာတွင် ရေယာဉ်တည်ငြိမ်မှုမရှိဘဲ ဘေးအန္တရာယ်ကြုံတွေ့နိုင်သည့်အတွက် ရေယာဉ်များဘေးအန္တရာယ်ကင်းရှင်းလုံခြုံစေရေးအတွက် ယင်းသို့တားမြစ်ရခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

“ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက အကြောင်းကြားလာလို့ ကျွန်တော်တို့ ဆက်ပြီးတော့ အကြောင်းကြားထားတယ်”ဟု ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မုံရွာ) ဥက္ကဋ္ဌ ဦးအာကာမြင့်က ပြောဆိုသည်။ 

ယင်းညွှန်ကြားချက်ကြောင့် အထပ်မြင့် အထက်တန်းအခန်းများကို ဖြုတ်ပြီး ပြေးဆွဲနေကြကြောင်း၊ ယခုကဲ့သို့ ဖြုတ်ရသည့်အတွက် ရေယာဉ်ပိုင်ရှင်များ ပြဿနာမရှိနိုင်သော်လည်း ယင်းအခန်းများမရှိသည့်အတွက် ခရီးသွားပြည်သူများအနက်မှ အသက်အရွယ်ကြီးရင့်သော ကျန်းမာရေးမကောင်းသော သူများအတွက် ရေယာဉ်ပေါ်လိုက်ပါစဉ် နေထိုင်ရေးအခက်အခဲရှိလာနိုင်ကြောင်း ခရီးသည်တင်ရေယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာမြို့နှင့် အထက်ပိုင်းမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ်အသင်း စုစုပေါင်း ၁၀ သင်းရှိပြီး ရေယာဉ်အစင်း ရေ ၁၃၀ ရှိကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မုံရွာ) ထံမှ သိရသည်။

R-02