News

POST TYPE

NEWS

စစ်ကိုင်းတွင် လေဆင်နှာမောင်းတိုက်၍ နေအိမ် ၁၀ လုံး ပျက်စီးပြီး နှစ်ဦး ဒဏ်ရာရ
15-Oct-2018



ကလေး၊ အောက်တိုဘာ ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာတွင် အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်ရာမှ အဆောက်အအုံများပြိုကျပြီး လူနှစ်ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု (စစ်ကိုင်းတိုင်း) တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။ 

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာရှိ လူနေအိမ် ၁၀ လုံး အမိုးလန်ခြင်းနှင့် သစ်ပင်ပိခဲ့ခြင်းတို့ကြောင့် ပျက်စီးခဲ့ပြီး ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆောင်မြင့်မိုရ်ပိတ်ပြိုကျခဲ့ရာ ကျောင်းဆောင်အတွင်းရှိနေသည့် ဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး၏ ဦးခေါင်းပေါ်သို့ အုတ်ခဲများပြုတ်ကျသဖြင့် ဦးခေါင်းတွင် ဒဏ်ရာများရရှိပြီး ဆေးရုံတက်ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ပြောဆိုသည်။ 

ထို့ပြင် ကျေးရွာရှိ သက်တမ်းရင့် သစ်ပင်၂၀ ကျော်အမြစ်မှ ကျွတ်ထွက်ကာ ပြိုလဲခဲ့ပြီး နွားစာတိုက်လေးလုံးပျက်စီးခဲ့ကာ ရွာရှိစာသင်ကျောင်း အဆောင်တစ်ဆောင်  အမိုးများလန်ခြင်း၊ ဘုန်းတော်ကြီး ကျောင်းမုခ်ဦးပြုတ်ကျခြင်းနှင့် အုတ်တံတိုင်းများ သစ်ပင်ပိပြိုကျခြင်းတို့လည်း ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“နေအိမ်ပျက်စီးခဲ့သူတွေကတော့ လောလောဆယ် သူတို့ ဆွေမျိုးသားချင်းတွေစီမှာ နေကြတာပေါ့” ဟု ဦးစဝီလီဖရန့်က ဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒဏ်ရာရရှိခဲ့သူနှစ်ဦးကို တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းကျပ်၊ သစ်ပင်ပိပြိုကျခဲ့သည့် နေအိမ်နှင့် အမိုးလန်ခဲ့သည့် နေအိမ်များအတွက် စုစုပေါင်း ငွေကျပ် ရှစ်သိန်းသုံးသောင်းကျော်၊ ပြိုကျခဲ့သည့် သစ်ပင်ကြီးများ ဖြတ်တောက်ရှင်းလင်းရန်အတွက် စက်သုံးဆီဖိုး ကျပ်ခုနစ်သောင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ စားနပ်ရိက္ခာများကို ထောက်ပံ့ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့က စစ်ကိုင်းမြို့နယ်အပြင် ကန့်ဘလူမြို့နယ် တွင်လည်း လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်တစ်လုံး ပျက်စီးခဲ့သည်။

R-20