News

POST TYPE

NEWS

ကျောက်ဆည်ဆင်ပြိုင်ပွဲ ပြင်ပပညာရှင်များဖြင့် အကဲဖြတ်အမှတ်ပေးမည်
15-Oct-2018

မန္တလေး၊ အောက်တိုဘာ ၁၄

ကျောက်ဆည်မြို့ ၌ ယခုနှစ်ကျင်းပသည့် သီတင်းကျွတ်ဆင်လှူပွဲတော်၊ ဆင်ပြိုင်ပွဲတွင် ပြင်ပပညာရှင်များဖြင့် အကဲဖြတ်အမှတ်ပေးမည်ဖြစ်ကြောင်း ကျောက်ဆည်ဆင်ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များက ပြောကြားသည်။

ယခင်နှစ်များက ကျင်းပခဲ့သည့် ဆင်ပြိုင်ပွဲများတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပါဝင်ဖွဲ့စည်း၍ အမှတ်ပေးခဲ့ကြောင်း၊ အငြိမ်းစားဝန်ထမ်းများအနေနှင့် ဆင်ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို ကောင်းစွာနားမလည်သဖြင့် ပြောင်းလဲဖွဲ့စည်းရခြင်းဖြစ်ကြောင်း ကျောက်ဆည်ဆင်ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင် ဦးစိုးသီဟက ပြောဆိုသည်။

“ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ဆုရမယ့်ဆင်တွေက ပြိုင်ပွဲမဝင်ခင် တစ်လလောက်ကတည်းက ကြိုသိနေတယ်။ ထွက်တဲ့အတိုင်းလည်း မှန်ခဲ့တယ်။ ဒီအပေါ်မှာ ဝေဖန်ခံရတာတွေလည်း ရှိခဲ့တယ်။ ဆင်ပြိုင်ပွဲအပေါ်မှာ တကယ်ကို တတ်သိနားလည်တဲ့သူတွေ အမှတ်ပေးမှ စစ်မှန်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာမှာ။ ဂုဏ်သိက္ခာရှိတဲ့ ဆင်ပြိုင်ပွဲတစ်ခု ဖြစ်မှာပါ” ဟု ၎င်းက ရှင်းပြသည်။

ပြောင်းလဲဖွဲ့စည်းလိုက်သည့် အမှတ်ပေးဒိုင်အဖွဲ့တွင် ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်၊ ရန်ကုန်အနုပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်မှပညာရှင် သုံးဦး၊ မန္တလေးယဉ်ကျေးမှုတက္ကသိုလ်မှ ၃ ဦး၊ ကျောက်ဆည်မြို့မှ ဆင်အကပညာရှင်သုံးဦးနှင့် ဆင်ပြိုင်ပွဲကျင်းပရေးကော်မတီမှ သုံးဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကာ တက္ကသိုလ်အသီးသီးမှ ပညာရှင်များက အဆို၊ အရေး၊ အတီးပိုင်းကို အကဲဖြတ်အမှတ်ပေးမည် ဖြစ်သည်။

ကျောက်ဆည်မြို့မှ ဆင်အကပညာရှင်များက ဆင်အကနှင့် ဆင်ပြိုင်ပွဲကျင်းပရေးကော်မတီမှ စည်းကမ်းပိုင်းဆိုင်ရာများကို အကဲဖြတ်အမှတ်ပေးမည်ဖြစ်ကြောင်း၊ ဆင်ပြိုင်ပွဲကျင်းပရာတွင် ခုံသုံးခုံထားရှိမည်ဖြစ်ရာ တစ်ခုံလျှင် ဒိုင်လေးဦးက အကဲဖြတ်အမှတ်ပေးမည်ဖြစ်ကြောင်း ကျောက်ဆည်ဆင်ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ ထပ်မံသိရသည်။

ကျောက်ဆည်ဆင်ပွဲသည် မြန်မာနိုင်ငံတွင် ထင်ရှားသည့်ပွဲတော်တစ်ခုဖြစ်ရာ အဆိုပါဆင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်နှင့် လပြည့်နေ့များတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။

ကျောက်ဆည်ဆင်ပွဲတွင် ဆင်လှူပွဲနှင့် ဆင်ပြိုင်ပွဲဟူ၍ရှိရာ ဆင်လှူပွဲကို လွန်ခဲ့သည့် နှစ်ပေါင်း ၉၀၀ ကျော်ကတည်းက ကျင်းပလာခဲ့ပြီး ဆင်ရုပ်များဖြင့် ရွှေသာလျောင်း မြတ်စွာဘုရားကို ကပ်လှူပူဇော်ခဲ့ကြောင်း ကျောက်ဆည် မြို့မိမြို့ဖများထံမှ သိရသည်။

ယခုနှစ်ကျောက်ဆည် ဆင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ လိုက်နာရမည့် စည်းကမ်းချက် ခုနစ်ချက်ရှိရာ စည်းကမ်းဖောက်ဖျက်သည့် ပြိုင်ပွဲဝင်များကို အမှတ်ပေးမည်မဟုတ်ကြောင်း၊ ဆင်ပြိုင်ပွဲခုံများကို ရွှေသာလျောင်းတောင်ခြေဆင်ပြိုင်ကွင်း၊ ရန်ကုန်-မန္တလေးလမ်းမကြီး မြို့လယ်မီးပွိုင့်နှင့် တောင်ခြေပတ်လမ်းလေးမျက်နှာဘုရား တောင်ဘက်တို့တွင် ခုံဒိုင်များထားရှိပေးမည်ဖြစ်ကာ ဆင်ကောင်ရေ ၂၀ ယှဉ်ပြိုင်ရန် စာရင်းပေးထားပြီးဖြစ်ကြောင်း ကျောက်ဆည်ဆင်ပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ စာရင်းများအရ သိရသည်။

M-05