News

POST TYPE

NEWS

မလေးရှား ကြားဖြတ်ရွေးကောက်ပွဲတွင် အန်ဝါအီဘရာဟင် အပြတ်အသတ်အနိုင်ရ၊ နိုင်ငံရေးအရ ရှေ့တန်းနေရာသို့ ပြန်ရောက်
15-Oct-2018


ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၄

မလေးရှားနိုင်ငံတွင် စနေနေ့က ကျင်းပပြုလုပ်သော ကြားဖြတ်ပါလီမန် ရွေးကောက်ပွဲ၌ ယခင်နိုင်ငံရေးတွင် ဖိနှိပ်မှုမျိုးစုံနှင့် တွေ့ကြုံခဲ့ရသော အတိုက်အခံ ခေါင်းဆောင် အန်ဝါအီဘရာဟမ်က ပို့ဒစ်ကင်ဆန် မဲဆန္ဒနယ်အတွက် အပြတ်အသတ် အနိုင်ရရှိသွားရာ ယင်းဖြစ်ရပ်သည် အန်ဝါ အီဘရာဟင်အတွက် ရှေ့တန်းနိုင်ငံရေး နယ်ပယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း မီဒီယာများက ရေးသားဖော်ပြသည်။ 

တစ်နေ့တွင် ဒေါက်တာမဟာသီယာ မိုဟာမက်၏ ဝန်ကြီးချုပ်ရာထူးကိုဆက်ခံမည့်သူဖြစ်သည်ဟု သတ်မှတ်ခံထားရသော အန်ဝါအီဘရာဟင် (၇၁ နှစ်) သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက် ကိုယ်စားလှယ်ခြောက်ဦးနှင့် ယှဉ်ပြိုင်ခဲ့ရပြီး မဲစုစုပေါင်း ၇၁ ရာခိုင်နှုန်းရရှိကာ အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ 

မဲပေးမှုမှာ စနေနေ့ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး မဲလာပေးသူအရေအတွက်မှာ ၅၈ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ 

ပို့ဒစ်ကင်ဆန်မဲရုံတွင် မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံပြီးနောက် AFP သတင်းဌာနနှင့် ဆုံတွေ့ရာတွင် ၎င်းက “တနင်္လာနေ့ကျရင် ပါလီမန်လွှတ်တော်မှာ ခင်ဗျားတို့နဲ့တွေ့မယ်”ဟု ပြောကြားသည်။ 

အန်ဝါအီဘရာဟင်သည် ၎င်း၏ မဲဆန္ဒနယ်အား ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစားလာရောက်ရသည့် နေရာဒေသဖြစ်လာအောင် ပထမဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဥပဒေပြုလွှတ်တော်တွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး ဒေါက်တာမဟာ သီယာမိုဟာမက်အနေနှင့် အစိုးရအဖွဲ့ကို ကောင်းမွန်စွာ လည်ပတ်နိုင်အောင် ပံ့ပိုးပေးမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးစဉ် ပြောဆိုထားသည်။ 

မဟာသီယာမိုဟာမက်ကလည်း အန်ဝါအီဘရာဟင်၏ အဆိုကိုယုံကြည် ထောက်ခံပြီး ၎င်း၏ မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် အတူလိုက်ပါခဲ့သည်။ 

မဲရလဒ်များအတည်ပြုပြီးနောက် အန်ဝါအီဘရာဟင်က “ဟုတ်ပါတယ်၊ ပို့ဒစ်ကင်ဆန်ကို ကျေးဇူးအထူးပဲတင်ပါတယ်။ ကျွန်တော့်အတွက် ပါလီမန်မဲဆန္ဒ နယ်သစ်တစ်ခုပါ။ ပို့ဒစ်ကင်ဆန်ရဲ့ ထောက်ခံမှုဟာ မယုံကြည်နိုင်လောက်အောင် ထူးခြားပါတယ်။ ပို့ဒစ်ကင်ဆန်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ပဲ ကတိပေးချင်ပါတယ်”ဟု ၎င်းက ပြောကြားသွားသည်။

မဲရလဒ်များထွက်ပေါ်လာပြီးနောက် ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ထံသို့ ဆက်သွယ်ကာ မိမိအနိုင်ရရှိသည့်သတင်း ကို ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“ဝန်ကြီးချုပ်က မဲရလဒ်ကို အင်မတန် ဂုဏ်ယူနေတယ်”ဟု ၎င်းက ပြောဆိုသည်။ 

အန်ဝါအီဘရာဟင်သည် တနင်္လာနေ့ (ယနေ့) တွင် ပါလီမန်လွှတ်တော်ကိုယ်စားလှယ်အဖြစ် စတင်တက်ရောက်မည်ဖြစ်ပြီး လွှတ်တော်အတွင်း ပြောင်းလဲမှုများကို အလေးပေး လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားသည်။ 

အန်ဝါအီဘရာဟင်သည် လိင်တူ ဆက်ဆံသည်ဟူသော စွပ်စွဲချက်များကြောင့် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ သို့သော် ဒေါက်တာမဟာသီယာ မိုဟာမက် ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ဝန်ကြီးချုပ်အဖြစ်ပြန်လည် တင်မြှောက်ခံရပြီးနောက် မလေးရှားဘုရင်က ၎င်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။ 

အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်သော ဒေါက်တာ မဟာသီယာမိုဟာမက်ကမူ တစ်နှစ် သို့မဟုတ် ၂ နှစ်တာကာလအတွင်း အန်ဝါအီဘရာဟင်ကို ရာထူးလွှဲပြောင်းပေးမည်ဖြစ်သည်ဟု ဆိုထားသည်။ 

F-01


  • VIA