News

POST TYPE

NEWS

မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမည်
14-Oct-2018



မော်လမြိုင်၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ် မော်လမြိုင်အခြေပြု မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။

အဆိုပါ ခရီးစဉ်ကို ယခင်က မော်လမြိုင်-ချောင်းဆုံသို့ ပြေးဆွဲခဲ့သည့် ထီးလှိုင်ရှင်သင်္ဘောဖြင့် ပြေးဆွဲမည်ဖြစ်ပြီး နိုဝင်ဘာလအတွင်း စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“မော်လမြိုင်နဲ့ ဘားအံကြား သံလွင်မြစ်ကြောင်းခရီးစဉ်က တော်တော်များများ စိတ်ဝင်စားကြတဲ့ ခရီးစဉ်လည်းဖြစ်တယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

အဆိုပါ အစီအစဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင်ခဲ့ပြီး Tint Tint Myanmar Group of Companies နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတို့က လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

မော်လမြိုင်-ဘားအံ အပျော်စီးသင်္ဘောခရီးစဉ်သည် နေ့ချင်းပြန် ခရီးစဉ်ဖြစ်ပြီး နိုင်ငံခြားခရီးသည်တစ်ဦးလျှင် အမေရိကန် ၇ ဒေါ်လာနှင့် ပြည်တွင်းခရီးသည် တစ်ဦးလျှပ် ကျပ် ၇၀၀၀ နှုန်းဖြင့် အကြမ်းဖျင်း ဈေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားလျက်ရှိသည့် မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်းခရီးစဉ်ကို လက်ရှိတွင် Thanlwin Princess Cruises မှ လှေဖြင့် ပြေးဆွဲလျက်ရှိပြီး ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတို့တွင် သွားလာသည့် ခရီးသည်များပြားသည်ဟု ယင်းကုမ္ပဏီမှ သိရသည်။

Dawei Watch