News

POST TYPE

NEWS

လသာ ၁၉ လမ်းတွင် မီးလောင်၊ ကလေးတစ်ဦး သေဆုံး
14-Oct-2018



ရန်ကုန်၊ အောက်တိုဘာ ၁၃

လသာမြို့နယ် (၄) ရပ်ကွက်၊ ၁၉ လမ်း၊ (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) တွင် အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲက လေးလွှာတိုက်ခန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးမှာ သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် လေးလွှာတိုက်ခန်းကို မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဉ်၊ အုပ်ချုပ်မှုယာဉ်နှင့် အထောက်အကူပြုယာဉ် ၁၈ စီးခန့် လာရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း၊ ယင်းတိုက်ခန်းထဲရှိ အသက် ၇ နှစ် သူငယ်တန်းကျောင်းသား မောင်အောင်ဟိန်းပိုင်မှာ မီးခိုးမွှန်ခြင်းနှင့် မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေဆုံးသွားတဲ့ ကလေးရဲ့အမေက ဆေးရုံတက်နေရတယ်။ ဖအေဖြစ်သူက လူနာသွားစောင့်နေတာ။ ကလေးတွေက အဘိုးဖြစ်သူနဲ့ အိမ်မှာ ကျန်နေခဲ့တယ်၊ အခင်းဖြစ်တဲ့အချိန်က ကလေးတွေကို တိုက်ခန်းမှာထားပြီး အဘိုးဖြစ်သူက အပြင်ထွက် မုန့်ထွက်စားနေချိန်မှာ မီးထလောင်တာ၊ သေဆုံးသွားတဲ့ကလေးက အိပ်ပျော်နေတာကြောင့် မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်” ဟု လသာမြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် လေးလွှာတိုက်ခန်းထဲမှ သေဆုံးသူကလေး၏ ညီဖြစ်သူ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ကနဦး စစ်ဆေးချက်အရ သိရှိရကာ ယင်းဖြစ်စဉ်မှ သေဆုံးသွားရှာသော ကလေး၏ ဖခင်ဖြစ်သူ တိုက်ခန်းပိုင်ရှင်ကို လသာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

S-03