News

POST TYPE

NEWS

မွန်ရိုးရာဂီတနှင့် တူရိယာသင်တန်း တတိယအကြိမ်ဖွင့်
12-Oct-2018



မော်လမြိုင်၊ အောက်တိုဘာ ၁၀

မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံ၌ မွန်ရိုးရာဂီတနှင့် တူရိယာအတီးသင်တန်းကို တတိယအကြိမ်မြောက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အောက်တိုဘာလ ၄ ရက်နေ့မှစ၍ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ၁ လခွဲကြာ ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းသား၊ သင်တန်းသူ ၂၆ ဦးကို အခမဲ့သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ ငွေကြေးအခက် အခဲကြောင့် နှစ်စဉ်ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သင်တန်းပိုချနေသည့် ရန်ကုန်အနုပညာတက္ကသိုလ်မှ အငြိမ်းစားနည်းပြ ဆရာနိုင်ထောပိုင်က ပြောကြားသည်။

“ဆရာတို့ ဒီတစ်ခေါက်ဖွင့်တာ တတိယအကြိမ်ပါ၊ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကြားမှာ အချိန် ၅ နှစ်ကြာပြီးမှ ဖွင့်နိုင်တယ်၊ အဓိကတော့ ဆရာတို့မှာ ရန်ပုံငွေမရှိဘူး။ ရန်ပုံငွေအခက်အခဲကြောင့် နှစ်တိုင်းမဖွင့်နိုင်ခဲ့ဘူး၊ နောက်ပြီး တူရိယာပစ္စည်းတွေလည်း အလုံအလောက်မရှိဘူး”ဟု ၎င်းက ပြောဆိုသည်။

မွန်ရိုးရာဂီတ အခြေခံနှင့် တူရိယာအတီးသင်တန်းကို မွန်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က ပို့ချခြင်းဖြစ်ကာ သုံးလသင်ရိုးဖြစ်သော်လည်း တက္ကသိုလ်ကျောင်းပိတ်ရက်အတွက် သင်ကြားသည့် တစ်လခွဲသင်ရိုးအဖြစ် ပြောင်းလဲသင်ကြားပေးနေရကြောင်းလည်း နိုင်ထောပိုင်က ရှင်းပြသည်။

“အဓိကရည်ရွယ်ချက်က ကိုယ့်ရိုးရာ တူရိယာအမွေအနှစ်တွေ မပျောက်ပျက်အောင် လူငယ်တွေက ထိန်းသိမ်းနိုင်အောင်၊ လူငယ်မျိုးဆက်သစ်တွေပေါ် ထွန်းလာအောင် အဓိကထားပြီးဖွင့်ဖြစ်တာပါ”ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

အချိန်တစ်လခွဲအတွင်း တူရိယာအားလုံးကို သင်ပြပေးနိုင်မည်မဟုတ်သည့်အတွက် ဝါးပတ္တလားနှင့် မိကျောင်းတူရိယာကို အဓိကထားသင်ကြားပေးကာ ထူးချွန်သူများကို လခြမ်းတူရိယာနှင့် အချိန်ရပါက တရောတူရိယာကိုပါ ထပ်မံသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သင်တန်းအစီအစဉ်အရ သိရသည်။ 

ပထမအကြိမ် မွန်ရိုးရာ ဂီတအခြေခံနှင့် တူရိယာသင်တန်းကို ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၃ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။ 

R-21