News

POST TYPE

NEWS

၄၉ လမ်းတွင် အမျိုးသမီးတစ်ဦး၏ ရွှေဆွဲကြိုး လုယက်ခံရ
12-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရန်ကုန်မြို့လယ်ကောင်ဖြစ်သည့် ၄၉ လမ်း (အပေါ်ဘလောက်) တွင် အောက်တိုဘာလ ၁၀ ရက် နံနက် ၈ နာရီခွဲက ဆိုင်ကယ်မောင်းနှင်သူက အမျိုးသမီးတစ်ဦး ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို လူမြင်ကွင်းတွင် ဆွဲဖြုတ်လုယူထွက်ပြေးခဲ့ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။

အခင်းဖြစ်နေရာအနီးတွင် လက်ဖက်ရည်ဆိုင်နှင့် ဆိုက်ကားဂိတ်ရှိပြီး အနော်ရထာလမ်းမှ ၄၉ လမ်းထဲသို့ မောင်းဝင်လာသည့် အနက်ရောင်ဆိုင်ကယ်တစ်စီးပေါ်မှ အမည်မသိ အမျိုးသားတစ်ဦးက အသက် ၅၀ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး၏ လည်ပင်းတွင် ဝတ်ဆင်ထားသော အလေးချိန် တစ်ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးကို ဆွဲဖြုတ်လုယူထွက်ပြေးခဲ့သည်။

“CCTV မှတ်တမ်းတွေအရဆို လုယက်မှုကျူးလွန်သူက လမ်း ၅၀ နဲ့ ၄၉ လမ်းထဲမှာ ဆိုင်ကယ်ပတ်မောင်းနေတာ။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားလို့ ပြစ်မှုကျူးလွန်သူရဲ့ မျက်နှာကိုမမြင်ရဘူး”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ရွှေဆွဲကြိုး ဆွဲဖြုတ်လုယူထွက်ပြေးသည့် အမည်မသိအမျိုးသားမှာ ဆိုင်ကယ်မစီးရ သတ်မှတ်ထားသည့် မြို့နယ်များတွင် ပါဝင်သော ပုဇွန်တောင်၊ တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် လမ်းပေါ်သွားလာနေသည့် အမျိုးသမီးများထံမှ ရွှေဆွဲကြိုးများ လုယူနေသူဖြစ်နိုင်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“ပုဇွန်တောင်မှာ ဆိုင်ကယ်နဲ့ လုယက်တာ ဒါနဲ့ဆို နှစ်ခါရှိပြီ။ တာမွေ၊ တောင်ညွန့် တွေမှာလည်း ဒီလိုပုံစံပဲ ဆိုင်ကယ်နဲ့ လုယက်မှုတွေ ကျူးလွန်နေတာ။ အရင်ဖြစ်ခဲ့တဲ့ လုယက်မှုတွေမှာဆို ဆိုင်ကယ်စီးသူက စည်ပင်ဝတ်စုံတောင် ဝတ်ထားသေးတယ်။ ဆိုင်ကယ်တော့ ပြောင်းပြောင်းသွားတာပေါ့။ CCTV မှတ်တမ်းတွေလည်း ရထားတယ်။ ဒါပေမဲ့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားလို့ ဒီလူ့မျက်နှာကို မမြင်ရဘူး။ ဒါကြောင့် အခုထိ ဖမ်းမမိသေးတာ”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။ 

ဆိုင်ကယ်စီးခွင့်မရှိသည့် နယ်မြေဖြစ်သော ၄၉ လမ်းတွင် ဖြစ်ပွားခဲ့သည့် ရွှေဆွဲကြိုးလုယက်မှုနှင့် ပတ်သက်ပြီး ပုဇွန်တောင်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်၍ တရားခံ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03