News

POST TYPE

NEWS

ပုသိမ်တွင် မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်း လက်ကားရောင်းသည့်ဒိုင်ကိုဖမ်း
12-Oct-2018



ပုသိမ်၊ အောက်တိုဘာ ၁၁

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် မင်းကြီးလမ်းနှင့် ဈေးချောင်းလမ်းထောင့်ရှိ နေပြည်တော် အလူမီနီယံ မှန်ဘောင်ဆိုင်ရှိ မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများ လက်ကားရောင်းချနေသည့် ဒိုင်ကို အောက်တိုဘာလ ၁၀ ရက်နေ့ ည ၇ နာရီခွဲခန့်က ဖမ်းဆီးခဲ့ကြောင်း ပုသိမ်နယ်မြေရဲစခန်းထံမှ သိရသည်။

တားမြစ်ပစ္စည်းများကို လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူ ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် မင်းရဲကျော်စွာလမ်းနေ ဦးအောင်နိုင် (၄၀ နှစ်) ၏ ဆိုင်မှ ကာလတန်ဖိုး ကျပ် ၂၉ သိန်းနီးပါးရှိ မီးရှူးမီးပန်းအပါအဝင် ပစ္စည်းအမျိုးအမည် ၁၉ မျိုးကို သိမ်းဆည်းရမိခဲ့သည့်အတွက် ၎င်းကို ဒုရဲအုပ်ကျော်စိုးအောင်က တရားလိုပြုလုပ်ပြီး ပုသိမ်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

မီးရှူးမီးပန်း၊ ဗြောက်အိုး၊ မီးအိုး၊ ရှူးဒိုင်း၊ ပေသီး၊ မီးပုန်းတို့ကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်း ကောင်းကင်ပေါ်သို့ လွှတ်တင်ခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

R-12