News

POST TYPE

NEWS

ဒေါက်တာအေးမောင် တည်ထောင်သည့် ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခွင့်ကျ
12-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၁ 

ဒေါက်တာအေးမောင် တည်ထောင်သည့် ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပါတီတည်ထောင်သူများထံမှ သိရသည်။

ပါတီတည်ထောင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားလာသည့် အကြောင်းကြားစာကို အောက်တိုဘာလ ၁၁ ရက်က ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရခိုင့်ဦးဆောင်ပါတီ ပါတီတည်ထောင်သူများ၏ ကိုယ်စားလှယ်အဖြစ် တာဝန်ယထားသည့် ဦးစိုးဝင်းက အတည်ပြုပြောကြားသည်။

အဆိုပါ ပါတီသည် မူလက အဖရခိုင် ပါတီအမည်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမည်ပြောင်းလဲရန် ညွှန်ကြားခဲ့ခြင်းကြောင့် ပါတီအမည်ပြောင်းခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင့်ဦးဆောင်ပါတီကို ကော်မရှင်အနေနှင့် တည်ထောင်ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် ပါတီခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်များကို ရွေးချယ်ကာ ကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားရတော့မည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောကြားသည်။

ယခုအခါ ပါတီကို တည်ထောင်ရန် လမ်းညွှန်မှုပေးခဲ့သည့် ဒေါက်တာအေးမောင် တရားရင်ဆိုင်နေဆဲဖြစ်သည့်အတွက် ပါတီတည်ထောင်သူများစာရင်းတွင် ပါဝင်သူများ အစည်းအဝေးပြုလုပ်ကာ အဆိုပါ ပါတီခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လောလောဆယ်ကတော့ သူ့နာမည်ထည့်လို့မရသေးပါဘူး။ ဒါပေမဲ့ သူ့ဦးဆောင်မှုအောက်မှာပဲ ရှိတာကိုး။ ပါတီ Founder တွေထဲကပဲ ရွေးရမှာပေါ့။ နာမည်ကတော့ အခုတော့ မသိသေးဘူး။ ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီးမှပဲ သိရမှာပါ”ဟု ၎င်းက ဆိုသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ရခိုင်အမျိုးသားပါတီတွင်း ကိစ္စရပ်များကြောင့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌနေရာနှင့် ပါတီဝင်နေရာများမှ နုတ်ထွက်ခဲ့သည်။

ယင်းနောက်တွင် ဒေါက်တာအေးမောင်သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်း အမှတ်ပွဲတွင် ဟောပြောမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ပုန်ကန်မှုနှင့် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည်။

J-08