News

POST TYPE

NEWS

အမေရိကန် ခွင့်မပြုဘဲ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ တောင်ကိုရီးယားရုပ်သိမ်းမည်မဟုတ်ဟု ထရမ့်ပြောကြား
12-Oct-2018



ဆိုးလ်၊ အောက်တိုဘာ ၁၁

မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုအချိုကို ပြန်လည်သုံးသပ်နေသည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက အစောပိုင်းတွင် ပြောဆိုခဲ့ပြီးနောက် အမေရိကန် သမ္မတထရမ့်က ဆိုးလ်သည် ဝါရှင်တန်၏ ခွင့်ပြုချက်မရဘဲ ပြုံယမ်းအပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းမည်မဟုတ်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားတစ်နိုင်ငံတည်းက ပိတ်ဆို့မှုများ ဖြေလျော့ပေးရေးကို ထရမ့်က ပယ်ချလိုက်ခြင်းသည် မြောက်ကိုရီးယားအရေးတွင် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေသော အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ တရားဝင် ရပ်တည်ချက်ကိုဖော်ပြလိုက်ခြင်း ဖြစ်သည်။

နျူကလီးယားဖျက်သိမ်းရေးအတွက် ပြုံယမ်းအပေါ် အမြင့်ဆုံး ဖိအားပေးမှု အစိတ်အပိုင်းတစ်ခုဖြစ်သော အရေးယူ ပိတ်ဆို့မှုများကို ဆက်လက်ထိန်းသိမ်းထားကြရန် ထရမ့်က မဟာမိတ်များကို တိုက်တွန်းလျက်ရှိသည်။

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှု အချို့ ရုပ်သိမ်းပေးရန် တောင်ကိုရီးယားက စဉ်းစားနေသည်ဆိုသော သတင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ထရမ့်က “ကျုပ်တို့ ခွင့်မပြုဘဲ သူတို့ ဘာမှမလုပ်ပါဘူး”ဟု ဖြေကြားသည်။

မြောက်ကိုရီးယားအပေါ် တစ်ဖက်သတ် ပိတ်ဆို့မှုအချို့ ရုပ်သိမ်းပေးရန် စဉ်းစားနေသည် ဆိုသောစကားကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်းဝှါက ဗုဒ္ဓဟူးနေ့က လွှတ်တော် စစ်ဆေးကြားနာမှုတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသည် ၂၀၁၀ ခုနှစ်က ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသည့် စစ်သင်္ဘော နှစ်မြှုပ်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် မြောက်ကိုရီးယားအပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများချမှတ်ထားခဲ့သည်။

သူမ၏စကားကြောင့် ကွန်ဆာဗေး တစ်အမတ်အချို့ထံမှ ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ရာ စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် မြောက်ကိုရီးယားဘက်မှ ဦးစွာတောင်းပန်ရမည်ဖြစ်ကြောင်း ကန်ကျောင်းဝှါက ရှင်းချက်ထုတ်ခဲ့ရသည်။

ပိတ်ဆို့မှုများ ရုပ်သိမ်းရေးကို ပြန်လည်သုံးသပ်နေသည် ဆိုသောကိစ္စကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တရားဝင်ငြင်းဆိုထားသည်။

သို့ရာတွင် မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ရေးကို သင့်လျော်သည့်အချိန်တွင် စဉ်းစားရန် လိုအပ်သည်ဟု တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့က ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ပြောကြားသည်။ 

F-04