News

POST TYPE

NEWS

ကရင်ပြည်နယ် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းရှစ်သောင်းကျော်လျာထား
11-Oct-2018

ဘားအံ၊ အောက်တိုဘာ ၁၀

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ ကျပ်သန်း ၈၉၄၀၀ ကျော်သုံးစွဲရန်လျာထားကြောင်း ကရင် ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။

ထိုသို့ကျခံသုံးစွဲရာတွင် သာမန် အသုံးစရိတ်အနေနှင့် ကျပ်သန်းပေါင်း တစ်သောင်းခုနစ်ထောင်ကျော်နှင့် ငွေလုံး ငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ခုနစ်သောင်း နှစ်ထောင်ကျော်ကို ကျခံသုံးစွဲရမည်ဖြစ်ကြောင်း ယင်းလွှတ်တော်ရုံးထံမှ သိရသည်။

“၂၀၁၈-၁၉ အတွက် ရန်ပုံငွေမှာ တချို့ကိုပဲ ကျွန်တော်တို့ ထုတ်ပြန်လို့ရသေးတယ်၊ စီမံကိန်းနဲ့ပတ်သက်တာတွေကတော့ လျာထားတာပဲရှိသေးတယ်၊ ပြည်ထောင်စုဘတ်ဂျက်ထဲမှာ ပါလာမှာလား၊ ပြည်နယ် ဘတ်ဂျက်နဲ့ ဆောင်ရွက်ရမှာလား ဆိုတာရှိသေးတယ်၊ နောက်တချို့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်တာတွေကျတော့ ပြည်ထောင်စုဘတ်ဂျက်ထဲ ပါသွားတယ်”ဟု ကရင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွန်းလေးက ပြောဆိုသည်။

ယခုဘဏ္ဍာနှစ် လျာထားဘတ်ဂျက်အတွင်းမှ အားကစားနှင့် ကာယပညာအတွက် သာမန်အသုံးစရိတ် ကျပ် ၃၇၂ သန်းကျော်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ၂၆၄ သန်းကျော်၊ ဆောက်လုပ်ရေးကဏ္ဍအနေနှင့် လမ်းဦးစီးဌာနအတွက် သာမန် အသုံးစရိတ် ၂၂၃၄ သန်းကျော်၊ ငွေလုံး ငွေရင်းအသုံးစရိတ် ၃၄,၁၉၅ သန်းကျော်၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုအတွက် သာမန် အသုံးစရိတ် ၂၃၂ သန်းကျော်၊ ငွေလုံး ငွေရင်း အသုံးစရိတ် ၄၁၈ သန်းကျော် သုံးစွဲမည်ဖြစ်ပြီး စီမံကိန်းများနှင့်ပတ်သက်သည့် ရန်ပုံငွေများမှာ လျာထားမှုများသာ ရှိသေးပြီး အတည်မပြုရသေးကြောင်း ၎င်းကဆိုသည်။

R-17