News

POST TYPE

NEWS

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ၁၀ ရက်ကျင်းပရန် ဒေသခံများ တောင်းဆို
11-Oct-2018

ကျိုင်းတုံ၊ အောက်တိုဘာ ၁၀

လူသိများထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သော ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ပုံမှန်အတိုင်း ၁၀ ရက်ကျင်းပပေးရန် ဒေသခံများက တင်ပြတောင်းဆိုထားကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပုံမှန် ၁၀ ရက် ကျင်းပနေသည်ကို ကုန်ကျစရိတ် သက်သာစေရန် တစ်ရက်လျှော့ချကျင်းပရန် စီစဉ်နေသည်ကို ဒေသခံများက ယင်းကဲ့သို့ တောင်းဆိုကြခြင်းဖြစ်သည်။

“ပွဲတော်အတွက် ကုန်ကျစရိတ် သက်သာစေဖို့ဆိုပြီး ၁၀ ရက်ကျင်းပရာကနေ ၉ ရက်ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒေသခံတွေက ၉ ဂဏန်းဆိုတာ မကောင်းဘူးဆိုပြီး တင်ပြတောင်းဆိုလာတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

အဆိုပါဒေသခံများ တင်ပြချက်နှင့်ပတ်သက်၍ အောက်တိုဘာ ၁၇ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးတွင် ၉ ရက်အစား ပုံမှန်အတိုင်း ၁၀ ရက် ကျင်းပနိုင်ရန် ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းပွဲတော် ဘဏ္ဍာရှာဖွေရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းကရှင်းပြသည်။

ရှေးအစဉ်အလာမပျက် ကျင်းပလာသည့် ရှမ်းပြည်နယ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နှစ်စဉ် ၁၀ ရက်ကြာကျင်းပခဲ့ရာ ယမန်နှစ်က ကျင်းပသည့်ပွဲတော်တွင် ဆုကြေးငွေများ အပါအဝင် ကုန်ကျစရိတ် ကျပ်သိန်း ၂၈၀၀ ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်ကျင်းပသည့် ပွဲတော်တွင် ပထမဆုံးအကြိမ် စာပေပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

R-16